ဟိုပင် ၈ သြဂုတ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ မေတ္တာရိပ်အဖွဲ့ ဦးဆောင်၍ သြဂုတ် ၈ ရက် နံနက် ၇ နာရီက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို မြသီတာ ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်များသို့ အဖွဲ့ ၃၆ ဖွဲ့ ခွဲကာ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။
၎င်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ မြို့မိမြို့ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မေတ္တာရိပ်အသင်းအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ပညာ့ဘဏ်အခမဲ့စာသင်ကျောင်း၊ အောင်စည်ဟိန်းဘော်ဒါဆောင်၊ ဝင်း ဝင်း ဝင်း ဘော်ဒါဆောင်နှင့် ပညာ့ရိပ်ဘော်ဒါဆောင်တို့မှ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၂၀ဝ ဦးကျော်တို့က စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ၊ လောက်လန်းတွေ့ရှိ အိုး၊ ခွက်များအား သွန်မှောက်ခြင်းနှင့် ရေကန်များအား ရေဖောက်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ ၁၁ ရက်နေ့တွင်လည်း မြို့မတောင်ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်များသို့ သွားရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုးတိုးမေ - ဟိုပင်


