ဆီဆိုင် ၈ သြဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာရှိ ဒေသခံပြည်သူများ၏ လူမူရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများတွင် အကျိုးပြုဆောင်ရွက်သွားနိုင်ရန်အတွက် စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကို သြဂုတ် ၇ နံနက် ၉ နာရီက ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုခေါင်းဆောင် (မြို့နယ်နည်းပညာအကြံပေး) ဦးမျိုးသန့်က အမျိုးသမီး၊ အမျိုးသားတန်းတူပါဝင်ခွင့်ရှိဖို့၊ ပွင့်လင်းမြင်သာမူ၊ တာဝန်ယူမူ၊ တာဝန်ခံမှုရှိရန်၊ ကျေးရွာဖွံ့ဖြိုးရးအတွက် ရေတို/ရေရှည်ရည်မှန်းချက်များထားရှိဆောင်ရွက်ရန် ကျေးရွာလူထုညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်မူကောင်းစွာဖြင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူထုစစ်ဆေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ လက်ထောက်နည်းပညာမှူးများ၊ လူထုစည်းရုံးရေးမှူးများနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းစဉ်တလျှောက် လုပ်ငန်းအကောင်အထည်ဖော်ခဲ့မှု အစီအစဉ်များ၊ ဘဏ္ဍာရေးငွေစာရင်းရှင်းတမ်း၊ ဝယ်ယူရေးလုပ်ငန်းစဉ်များ၊ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်ရေးဆွဲထားမှုအခြေ အနေများကို ရေးဆွဲတင်ပြပြီး တက်ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများမှ လုပ်ငန်းစဉ်နှင့်ရလဒ်များအပေါ် စိတ်ကျေနပ်မှုအရ လျှို့ဝှက်မဲပေးစနစ်ဖြင့် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါဘက်စုံသုံးကျေးရွာခန်းမဆောင်သည် အလျား ၃၆ ပေ၊ အနံပေ ၂၇၊ အမြင့် ၁၂ ပေရှိပြီး စီမံကိန်းထောက်ပံ့ငွေကျပ်(၉၀၅၀ဝ၀ဝ)သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေကျပ်(၂၀၈၃၀ဝ၀)၊ စုစုပေါင်း (၁၁၁၃၃၀ဝ၀)ကျပ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


