နေပြည်တော် ၈   သြဂုတ် 


မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာမိသားစု စီမံကိန်းအဖွဲ့(IPPF)တို့ ပူးပေါင်းဆောင်ရွက်သော မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ လက်လှမ်းမီစေရေးဆိုင်ရာ စီမံချက် ဗဟိုအဆင့် အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် စေတနာ့ဝန်ထမ်း သင်တန်းသို့ တက်ရောက်လာကြသော စီမံချက်ပါ မြို့နယ်များမှ အသင်းဝင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အသင်း(ဗဟို) အစည်းအဝေးခန်းမ၌ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲသို့ အသင်းဗဟိုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စီမံချက်ပါ မန္တလေးတိုင်းဒေသကြီးမှ မြင်းခြံနှင့် တောင်သာမြို့နယ်၊ ကချင်ပြည်နယ်မှ မြစ်ကြီးနားနှင့် မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်မှ ဟိုပုန်းနှင့် ရပ်စောက်မြို့နယ်များမှ တစ်မြို့နယ်လျှင် အသင်းဝင်(၁၀)ဦးစီဖြင့် စုစုပေါင်း သင်တန်းသား/သူ (၆၀)နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၉၀) တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုရဲမှူး ကျော်မျိုးသိန်းနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းတို့က သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန် လိုအပ်သည်များနှင့် သတိပြု လိုက်နာရမည့် အချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)