လွိုင်လင် ၈ ဩဂုတ်      

          
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီယားရာသီဉတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော  စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ စီမံကိန်းစတင်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၈ ရက် နံနက်(၉)နာရီက အထက-၁ နဝဒေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
         

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သစ်တောပြုန်းတီးမှုကာကွယ်ရန်၊ ထင်းသုံးစွဲမှုလျော့ကျစေရန် ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ကိုးရီယား နှင့် မတ်လ ၂၅ ရက်နေ့တွင်စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စီမံကိန်းကာလသည် (၇)နှစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နောင်ငါးနှစ်အတွင်းလျှပ်စစ်မီးမရရှိသေးသည့် လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့မှ ကျေးရွာများပါဝင်ကြောင်း သိရသည်။ လွိုင်လင်မြို့နယ်ရှိကျေးရွာများကို လာမည့် စက်တင်ဘာလအတွင်း စွမ်းအားမြှင့်မီးဖို အလုံး ၁၈၀ဝ ကို ပထမအကြိမ် အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မီးဖို ၁၈၀ဝ ကိုလည်းကောင်းဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန လွိုင်လင်မြို့နယ် ဦးစီးမှူးက ရှင်းလင်း ပြောကြားသည်။
       

အဆိုပါ အခမ်းအနားတွင် လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည် ။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန လွိုင်လင်မြို့နယ် ဦးစီးမှူးဒေါ်အေးမို့မို့ထွန်းက စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း ၊ စီမံကိန်းစတင်ခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လက်တွေ့သရုပ်ပြသခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက စွမ်းအားမြှင်မီးဖိုနှင့် ပတ်သက်၍ သိလိုသည်များ ၊ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးပြီးနောက်  စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
     

အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်  နှင့် ဒေါ်နန်းမြထွေး ၊ လွိုင်လင် - ပင်လုံရှိ ကျေးရွာများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ၊ စာရေးဝန်ထမ်များ ၊ ဒေသခံတောင်သူများတက်ရောက်ကြကြောင်းသိရသည်။


မိုးလွင်ဦး(လွိုင်လင်)