ပေါင် ၈ သြဂုတ်
မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ အဟောက်ကျေးရွာနှင့် ကျွဲခြံကျေးရွာတို့တွင် သြဂုတ် ၇ ရက်ညနေပိုင်းက လေဆင်နှာ မောင်းနှင့်အတူ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၄ လုံးနှင့် သာသနိကအဆောက်အဦများ မိုးလန်ပျက်စီးခဲ့ကာ စေတီတစ်ဆူထီးတော်မြေခခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် သြဂုတ် ၇ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၄ လုံးနှင့် သာသနိက အဆောက်အဦများ မိုးလန်ပျက်စီးကာ စေတီတစ်ဆူ ထီးတော်မြေခခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ကျားဘိုကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၆ လုံး အမိုးလန်း ပျက်စီးခြင်း၊ ကျွဲခြံကျေးရွာတွင် နေအိမ် ၅ လုံး အမိုးလန်ပျက်စီးခြင်း၊ မုတ္တမကျေးရွာတွင် နေအိမ် ၉ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့် အိမ်ထောင်စုများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မုတ္တမကျေးရွာရှိ ဇင်းဘာတောရ ဘုန်းကြီးကျောင်းအတွင်း ဉာဏ်တော် ၂၉ ပေရှိ ဓမ္မရာဇသိဒ္ဓိ စေတီတော်မှာ ထီးတော်မြေခခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုလ ၄ ရက်နေ့ကလည်း သဗြုချောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၅ လုံး ထိခိုက်ခဲ့ပြီး ယခုတိုက်ခတ်သော လေဆင်နှာမောင်းမှာ ရက်သတ္တတစ်ပတ်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇင်မျိုးသူ(ပေါင်)


