ရန်ကုန် ၈  သြဂုတ် 


ယခုနှစ်အတွင်း Yangon Water Bus မှ ခရီးစဉ် လမ်းကြောင်းအသစ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ဆိပ်ကမ်းများကို ပြင်ဆင်ဆောက်လုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။


အခု ဆိပ်ကမ်းတွေ၊ ဂျက်တီတွေ ဆောက်နေပြီ။ သင်္ဘောပုံစံက နည်းနည်းမြင့်နေတော့ ပြန်ပြင်ဆင်နေတယ်။ တံတားလည်း ရှိတော့ မလွတ်ဘူး။ ဒီနှစ်ထဲပြေးဆွဲမယ်။ ပွင့်လင်းရာသီမှာ ပြေးဆွဲမယ်။ ငမိုးရိပ်ချောင်းနဲ့သန်လျင်(တိန်ညင်) ဘက်သို့ လမ်းကြောင်းတိုးချဲ့ ပြေးဆွဲပေးသွားမည်။ ဆိပ်ကမ်းတွေကလည်း များတယ်။ လမ်းကြောင်းတွေလည်း လေ့လာနေတယ်။ တိုးချဲ့မယ့် လမ်းကြောင်းတွေ ရှိသေးတယ်ဟုYRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။


အဆိုပါ လမ်းကြောင်းသစ်နှစ်ခုတွင် ပြေးဆွဲအသုံးပြုမည့် သင်္ဘောများကိုလည်း တည်ဆောက်နေကာ မကြာခင်ပြီးစီး တော့မည်ဖြစ်ကြောင်း သိရသည်။ 


Yangon Water Bus ၏ ယခင်ပြည်တွင်း ထုတ်ရေယာဉ်များကို ရပ်နားပြီး မလေးရှားနိုင်ငံထုတ် ရေယာဉ် ၈ စီး/ ယခင် Australia နိုင်ငံထုတ် ၃ စီးဖြင့် ပွင့်လင်းရာသီတွင် စတင်ပြေးဆွဲမည်ဖြစ်ကာ ယခင်ပြေးဆွဲနေသော ပြည်တွင်းထုတ်များကို ရပ်နားထားပြီး မလေးရှားနိုင်ငံထုတ်များ တင်သွင်းရေးကို မူဝါဒအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


Yangon Water Bus သည် နိုင်ငံတော်မှငွေကြေးအား အသုံးပြုထားခြင်းမရှိဘဲ ကုမ္ပဏီမှ ကိုယ်ပိုင်ငွေကြေးဖြင့်သာ လည်ပတ်နေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်အား ရေကြောင်းပညာဖြင့် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေခြင်းဖြစ်ကြောင်း ဏုမ္ပဏီမှ သတင်းထုတ်ပြန်ထားသည်။


Yangon Water Bus ပြေးဆွဲခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီး ခရီးသည်များလည်း ယခင်ထက် စီးနင်းမှု ပိုများလာကြောင်း၊ လက်ရှိတွင် ရေယာဉ်အစီးရေ ၁၃ စီးဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းမှ အင်းစိန် သို့ ပြေးဆွဲပေးနေသလို အပန်းဖြေ ခရီးစဉ်အဖြစ် ကျောက်တန်း၊ တွံတေးခရီးစဉ်ကိုပါ အပတ်စဉ်ပြေးဆွဲပေးနေသော်လည်း မိုးတွင်းကာလဖြစ်၍ အချို့ နေဝင်ချိန်ကြည့် ခရီးစဉ်များ ခေတ္တရပ်နားထားကြောင်း သိရသည်။


ယင်းအပြင် ခရီးသည်များ အဆင်ပြေစေရန်အတွက် Water Bus ဂိတ်နှင့် YBS ချိတ်ဆက်ပြေးဆွဲနိုင်ရန် အာဏာပိုင်အဖွဲ့မှ လမ်းကြောင်းလေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။


သူရိန်ကျော်