ရန်ကုန် ၈ သြဂုတ် 


ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ပြင်ပတွင်ရှိသည့်  မြို့နယ် ၁၁ မြို့နယ်တွင် မြို့နယ်အလိုက် စက်မှုဇုန်များ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ ရှိနေတဲ့ ကိုကိုးကျွန်းအပါ ၁၂ မြို့နယ်ရှိတယ်။ ကိုကိုးကျွန်းကတော့ သွားလာရလည်းဝေးတော့ ကျန်တဲ့ ၁၁ မြို့နယ်မှာ စက်မှုလုပ်ငန်းတွေ ချဲ့ထွင်ချင်တယ်။ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်မှာ စက်မှုလုပ်ငန်းတွေ လုပ်မယ်။ ဒီလိုဆိုရင် အဲ့မှာနေတဲ့သူတွေလည်း ခုလိုရန်ကုန်ကို လာပြီးအလုပ်မလုပ်ရဘဲ သူတို့ဘက်မှာပဲ အလုပ်လုပ်ရမယ်။ စီးပွားရေးတွေ လုပ်နိုင်မယ်၊ ဒါကြောင့် စက်မှုလုပ်ငန်းတွေကို အချိုးညီ လုပ်သွားချင်တယ်။ ရန်ကုန်မြို့တွင်းပဲစည်ကားဖွံ့ဖြိုးတာမျိုးမဟုတ်ပဲ ရန်ကုန်ကို ဝိုင်းရံထားတဲ့ မြို့နယ် ၁၁ မြို့နယ်က ဖွံ့ဖြိုးတိုးတက်လာမယ်။ အချိုးညီ မျှတဖို့ လုပ်ပါမယ်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။


လက်ရှိ ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၉ ခုရှိနေပြီး  စက်မှုဇုန်များ တည်ဆောက်ခြင်းကို အချိုးညီမျှတအောင် ဆောင်ရွက်ပေးနိုင်ပါက ယင်းမြို့နယ်များသည် ရန်ကုန်မြို့တွင်း ဧရိယာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ရန်ကုန်မြို့စည်ပင်သာယာ နယ်နမိတ်ပြင်ပရှိ လည်းကူးနှင့် ထန်းတပင်တွင် စက်မှုဇုန်များ ဖော်ဆောင်ရန်ဆောင်ရွက်နေကာ ရင်းနှီးမြှုပ်နှံမည် သူများလည်း ရှိနေပြီဖြစ်ကြောင်းသိရသည်။


ရန်ကုန်တိုင်းဒေသကြီးသို့ လာရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ဧရာဝတီတိုင်း ၊ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ မှ အများဆုံး လာရောက် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ 


လက်ရှိ ပြည်တွင်း၌ စက်မူဇုန် ၂၉ဇုန် ရှိပြီး အဆိုပါ ၂၉ ဇုန်တွင် လမ်း၊ မြေ၊ ရေ၊ ရေဆိုးစွန့်ပစ်မှုနှင့် အခြေခံအဆောက်အအုံ စသည့် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် ပြန်လည် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။


လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၁၁၃ ခုခွင့်ပြုထားပြီး အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံမှု ရှိနေကြောင်း၊ ယင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲတွင်  စက်မှုလုပ်ငန်းက ၁၀၈ ခု ပါဝင်ကာ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။


သူရိန်ကျော်