ပုသိမ် ၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သင်တန်းပေးအပ်ခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်းကို ဆင်းသီရိရပ်ကွက် ဒန္တိသုခတန်ဆောင်းအတွင်း ယနေ့စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။
သဘာဝဘေးစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ရေဘေးနှင့် သက်ဆိုင်သော ကာကွယ်နိုင်မည့် နည်းလမ်းများ၊ အချက်အလက်များ ပြန်လည်ဖလှယ်သင်ကြားပေးသည့် သင်တန်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
“ပုသိမ်မြို့နယ်မှာ နှစ်စဉ် ရေကြီးမှုတွေဖြစ်တယ်။ ကျွန်တော်တို့က ပြည်သူတွေကိုယ်တိုင် ဘယ်လိုလုပ်ကိုင်ရမ လဲဆိုတာကို စနစ်တကျသိအောင်နဲ့ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့အစည်းတွေက ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကို စနစ်တကျသိအောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး(၂) က ပြောကြားသည်။
အဆိုပါသင်တန်းများကို ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်တို့တွင် ပြလုပ်နေခြင်းဖြစ်ပြီး ပုသိမ်ခရိုင် အတွင်း လေးကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပုသိမ်မြို့နယ်ကတော့ ရေကြီးတာက နှစ်တိုင်းကြုံတွေ့နေရတာပေါ့။ အဓိကကတော့ ရေကြီးတယ်။ ရေကြီးတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးနည်းနည်းတော့ ပြဿနာရှိပါတယ်။ ရေကြီးတာကို မကြုံဘူးတဲ့သူလည်း သိပ်မရှိတဲ့အတွက် အားလုံးက အတွေ့အကြုံတွေတော့ရှိကြတယ်။ အခုလို ရေကြီးတဲ့အခါ ကြိုတင်ကာကွယ်ရမယ့် လုပ်ငန်းတွေသိလာတော့ ပိုပြီးအဆင်ပြေတယ်။ စနစ်တကျနဲ့စီမံဆောင်ရွက်တတ်လာ မှာဖြစ်ပါတယ်”ဟု ပုသိမ်မြို့ အမှတ်(၁) ရပ်ကွက်အတွင်း နေထိုင်သူ ဦးစံမြင့်က ဆိုသည်။
တက်ရောက်ကြသည့် ဒေသခံများနှင့် ရပ်မိရပ်ဖများကို ကော်မတီဖွဲ့စည်းခြင်း၊ မိမိဒေသရှိ သဘာဝဘေး ကြုံတွေ့ရသည့် နေရာများဖော်ထုတ်ခြင်း၊ မိုးလေဝသအချက်အလက်များ ရယူကာ စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်မှု လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား ၄၀ ခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီပြန်/ဆက်သတင်းအဖွဲ့


