မန္တလေး ၈ သြဂုတ်
မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂နာရီမှ စတင်ကာ ည ၈ နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးစီး၍ မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးကောလိပ် ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
"ပွဲမှာက လူငယ်တွေ လက်ရှိရင်ဆိုင်နေရတဲ့ အလုပ်အကိုင် အခွင့်အလမ်း ပြဿနာနဲ့ ပတ်သက်ပြီး တစ်ထောင့်တစ်နေရာက အဆင်ပြေနိုင်အောင် အလုပ်အကိုင် အေဂျင်စီပေါင်း ၁၅ခုကနေ လာရောက်ပြီး ပြသတာတွေပါမယ်။ အဲဒီမှာ တစ်ခါတည်းလည်း အလုပ်လျှောက်လို့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် လူငယ်တွေအနေနဲ့ ဘယ်လိုကြိုးစားသင့်တယ်ဆိုတဲ့ စကားဝိုင်း ဆွေးနွေးပွဲတစ်ခုလည်း ပါဝင်ပါမယ်။ ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးတွေလည်းပါမယ်" ဟု မန္တလေးတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ မှ ပြည်ထောင်စုကိုယ်စားလှယ် မစူးရှရှင်းသန့်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် အလုပ်အကိုင် အခွင့်အလမ်းပြခန်းများ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ လက်လှမ်းမှီရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်သည်။
ဒါ့အပြင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် အဆိုတော် သားငယ်၊ J Fire စသည့် လူငယ်အဆိုတော်များ၏ တေးသီချင်းအစီအစဉ်များ၊ ပြဇာတ်အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
သူရိန်လင်း


