ဒီးမော့ဆို ၈ သြဂုတ်
ကယားပြည်နယ် ပညာရေးမှူးရုံးနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ကျောင်းသား ကျောင်းသူများအား ပန်းချီ၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ဒီးမော့ဆို)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် ‘အစာအုပ်စု စုံအောင်စား သန့်ရှင်းမှုကို အလေးထား’ ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ ၂၃ ဦး၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်နေထိုင်ပြုမှုပါ ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ အထက်တန်းဆင့် ပိုစတာပြိုင်ပွဲတွင် ‘ကျန်းမာရေး အဆင့်မြင့်စို့ကွယ် တို့ကျောင်းတွေက စကြမယ်’ ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ ၁၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြို့နယ်အတွင်း ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်း၊ အာဟာရ တိုက်ကျွေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


