မင်းတပ် ၈ သြဂုတ်
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအနေဖြင့် ICB-3 အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မင်းတပ်မြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းမရရှိသေးသည့် ကျေးရွာများသို့ ဆိုလာပြားများနှင့် ကွန်ကရစ်ဓာတ်တိုင်များကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ရုံးဝင်း၌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
တစ်အိမ်သုံးဆိုလာပြား (၆၀ ဝပ်/ ၁၀ဝ ဝပ် ) ၁၀၉၁ စုံကို ကျေးရွာ ၂၉ ရွာရှိ အိမ်ခြေ ၁၀၉၁ အိမ်အတွက် လည်းကောင်း၊ ကွန်ကရစ်ဓာတ်တိုင် ၁၁၆ တိုင်ကို ကျေးရွာ ၂၉ ရွာနှင့် ယင်းကျေးရွာရှိ စာသင်ကျောင်း ၂၀၊ ဘာသာရေးအဆောက်အဦး ၅၀ နှင့် ကျေးလက်ကျန်းမာရေးအဆောင် ၁၂ ဆောင်တို့တွင် အချိုးကျတပ်ဆင်ရန်အတွက် ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများကို ပြည်သူအချိုးကျထည့်ဝင်ငွေ၊ ကမ္ဘာ့ဘဏ်၏ IDA ချေးငွေနှင့် နိုင်ငံတော် ဘတ်ဂျက်တို့မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မဟာဓာတ်အားလိုင်းမရရှိသေးသည့် ကျေးရွာများ၌ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် သာရေးနာရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ထံမှ သိရသည်။
ခွီရှိန်း (ခရိုင် ပြန်/ဆက်)


