အောင်လံ ၈ ဩဂုတ်


မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ငါ့ပြင်းကျေးရွာအုပ်စုအနီးရှိ ပြည်-အောင်လံ ကားလမ်း၌ ယနေ့နံနက် ၈ နာရီခွဲခန့်က ရှေ့ကားကိုကျော်တက်သည့် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့၍ ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ အောင်လံမြို့နယ်၊ ငါ့ပြင်းကျေးရွာအုပ်စုအနီး ပြည်-အောင်လံ ကားလမ်း မိုင်တိုင်အမှတ်(၂၀၂/၂) နှင့် (၂၀၂/၃)ကြားတွင် ပြည်မြို့၊ ရွှေတံခါးအပိုင်း(၂)ရပ်ကွက်နေ မိုးဇော်(၄၇)နှစ် မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်သည် ရှေ့မှမောင်းနှင်နေသည့် ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက်ခဲ့သည်။


ယာဉ်တိမ်းမှောက်ရာနေရာသို့ ပြလို့နယ်မြေရဲမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြလို့နယ်မြေရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကူညီပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းနှင့် ခရီးသည်ခုနစ်ဦးအား ပြည်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မိုးဇော်အား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)