မန္တလေး ၈ သြဂုတ် 

မန္တလေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ ဖော်ထုတ်သည့် အိုးပုတ်ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင် ပတ္တမြားတောရပ်ကွက်၌ သြဂုတ် ၈ ရက် (ဝါခေါင်လဆန်း ၈ ရက်)တွင် အစဉ်အလာမပျက် စည်ကားပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

"ဒီပွဲတော်ကို ဘယ်အချိန်ကတည်းက စတင်ကျင်းပလာခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့် တောင်ပြုံးပွဲတော်ရဲ့ အကြိုပွဲတော်လို့ ပြောလို့ရပါတယ်။ အရင်က ဒီနေရာမှာ လှေဆိပ်၊ လှည်းဆိပ်ဖြစ်ခဲ့တာဆိုတော့ တောင်ပြုံးပွဲတော် အသွားမှာ ဈေးသည်တွေက ဒီနေရာမှာ ခဏနားပြီး ရောင်းချရင်းနဲ့ မိရိုးဖလာပွဲတော်တစ်ခုအနေနဲ့ လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ကျင်းပလာခဲ့တာပါ။ ဒီပွဲတော် မပျောက်ကွယ်ပဲ အစဉ်အလာမပျက်ကျင်းပနိုင်ဖို့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ လက်မှုပညာရပ် အိုးအတတ်ပညာ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ပွဲတော်တစ်ခုဆိုရင်လည်း မမှားဘူးပေါ့" ဟု အိုးဘိုရွှေကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ပြောသည်။

 

mdn

 

အဆိုပါပွဲတော်တွင် မြေထည်ပစ္စည်းများဖြစ်သည့် အိုးပုတ်၊ ချိုးရုပ်၊ တိရစ္ဆာန်ရုပ်၊ ဆီမီးခွက်များနှင့် မြေအိုး၊ စဉ့်ထည်၊ ပန်းအိုး၊ ရေအိုးများကို မြို့ရွာအနှံ့မှ လာရောက်ရောင်းချကြသော ဈေးဆိုင်တန်းကြီးမှာ အိုးဘို ရွှေကျင်ရပ်၊ ဧရာဝတီတာရိုးတစ်လျှောက်မှ ရပ်ကွက်လမ်းများအထိ ရှည်လျားစွာ ရှိနေပြီး ရပ်ကွက်အတွင်းရှိ ဒေသခံများသာမက အနီးအနား မြို့နယ် ကျေးရွာများမှပါ လာရောက်ဝယ်ယူကြသဖြင့် အလွန်စည်ကားသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

 

mdn

 

"ကျွန်မတို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကျင်းပလာခဲ့တာဆိုတော့ ရပ်ကွက်ဘုရားပွဲတစ်ခုလိုပဲ သဘောထားပြီး ပွဲတော်နေ့မှာ ကျွန်မတို့ အိမ်တိုင်းက ပွဲတော်လာသူတွေ အားလုံးကို မြန်မာ့ရိုးရာအစားအစာတွေ၊ သီးနှံတွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာဆိုတော့ ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး။ ဒီနှစ်မှာ ပွဲတော်အကြောင်းကို အင်တာနက်ကနေ ပုံတွေတင်ကြ၊ ဖော်ပြပေးကြတဲ့အတွက် ပွဲတော်မစခင် တစ်ပတ်လောက်ကတည်းက စည်ကားနေတာကို ထူးထူးခြားခြားတွေ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်" ဟု အိုဘိုရွှေကျင်ရပ်ကွက်နေ ဒေါ်ခင်နွေဦးက ပြောသည်။

 

mdn

 

မန္တလေးမြို့တွင် ကျင်းပသည့် အိုးပုတ်ပွဲတော်သို့ အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ လာရောက်ရောင်းချသည့် ကိုရဲမင်းသိန်းကလည်း "ဒီပွဲတော်မှာ ကျွန်တော်တို့ဆိုင်က လက်ကားဖြန့်ချိတဲ့အနေနဲ့ ရောင်းချပေးပါတယ်။ မြေထည်ပစ္စည်းအမျိုးအစားပေါင်း ၂၀ ကျော်ပါဝင်ပြီး ကြိုက်တာယူ ကျပ် ၁၀ဝ၀ ဖိုးကို ၁၀ ခု ရောင်းပါတယ်။ တစ်ရက်ကို သုံးသိန်း၊ လေးသိန်းဖိုးလောက် ရောင်းရပြီး ပွဲတော်အပြီးမှာ ကျပ် ၁၅ သိန်းလောက် ရပါတယ်။ ကျွန်တော်တို့ တပ်ကြီးရွာက ဒီအိုးလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းရတာဆိုတော့ ဒီပွဲတော်က ကျွန်တော်တို့ အိုးလုပ်ငန်း လုပ်ကိုင်သူတွေအတွက် အများကြီးအထောက်အကူပြုပါတယ်"ဟု ပြောသည်။

အိုးပုတ်ပွဲတော်မှာ မြန်မာလူမျိုးတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မန္တလေးမြို့၏ ရိုးရာဓလေ့ပွဲတော် ဖြစ်သည့်အပြင် တစ်နှစ်တွင် တစ်ရက်သာကျင်းပသော ထူးခြားသည့်ပွဲတော်ဖြစ်ခြင်းကြောင့် လာရောက်လေ့လာ ကြည့်ရှုဝယ်ယူသူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)