နေပြည်တော် ၈ သြဂုတ်


မကူးစက်နိုင်သော ရောဂါများကာကွယ် တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး နဝမနေ့တွင် တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။


ယနေ့အစည်းအဝေးတွင် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစံရွှေဝင်းက “မကူးစက်နိုင်သော ရောဂါများကာကွယ် တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းက ထောက်ခံဆွေးနွေးသည်။


ယင်းအဆိုတွင် ယခုအစိုးရ (၃)နှစ်တာကာလအတွင်း အတွင်းလူနာ ၃ သန်းခန့်၊ ပြင်ပလူနာ ၁၂ သန်းခန့်နှင့် ခွဲစိတ်ကုသမှုပေါင်း ၇ သိန်း ၆ သောင်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုး၊ ကျောက်ကပ်အစားထိုး၊ နှလုံးခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရပါကြောင်း။


ထို့ပြင် ရောဂါဖြစ်ပွားနှုန်းအနေဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာကဲ့သို့သော မကူးစက် တတ်သောရောဂါများ နှစ်စဉ်များပြားလာနေပြီး ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနှုန်း လျော့ကျလာမှုကိုလည်း ဖော်ပြထားပါကြောင်း။


မကူးစက်တတ်သောရောဂါများကြောင့် သေဆုံးမှု ၂၀၁၄ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်းကိုလည်း ဖော်ပြထားပြီး နှလုံးသွေးကြောရောဂါများသည် သေဆုံးမှုအများဆုံးဖြစ်ပြီး ကင်ဆာရောဂါများကြောင့် ဒုတိယသေဆုံးမှု အများဆုံးဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါကြောင်း။


၂၀၁၆ ခုနှစ်ကတည်းက ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေ ပေါ်ထွန်းလာသော်လည်း အမှန်တကယ် တားဆီးအရေးယူဆောင်ရွက်မှုပိုင်းတွင် လုံးဝအားနည်းလျက်ရှိပါကြောင်း၊ အရက်ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်သွင်းမှု၊ အရက်ဆိုင်များ ခွင့်ပြုနေမှု စသည်များမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လုံးဝပတ်သက်မှုမရှိသော်လည်း အရက်ကြောင့် တွေ့ကြုံရသည့် ထိခိုက်အန္တရာယ်များ၊ အသဲကျွတ်၊ အသဲကင်ဆာရောဂါများကို တာဝန်ယူဆောင်ရွက်ပေးရပါကြောင်း၊ ဆေးရွက်ကြီး၊ အရက်အခွန်အကောက်ကိစ္စများကလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် သီးခြားကိစ္စရပ်များဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ 


မကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရမည့်ကိစ္စရပ်များမှာ အခွန်အခများတိုး မြှင့်ကောက်ခံခြင်း၊ ဌာနအသီးသီးက ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာအောင် ဆောင်ရွက်ပေးခြင်း၊ ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းတို့သည် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ပြည်သူများကို အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း စသည့်အကြံပြုချက်များပါဝင်သည်။ 


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့ပြင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ “ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ကူညီစောင့်ရှောက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွား နေမှုကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင် (၁၁) ရက်အထိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံမှုအနေဖြင့် ရခိုင်ပြည်နယ်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့် မြို့နယ် (၈)မြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ၌ တိုက်ပွဲရှောင်စခန်း စုစုပေါင်း (၆၅)နေရာဖွင့်လှစ်ထားရှိရာ အိမ်ထောင်စု (၆၁၉၆) စု၊ လူဦးရေ (၂၀၂၂၁)ဦး နေထိုင်လျက်ရှိသည့်အပြင် ပြည်နယ်ချင်း ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိနေထိုင်လျက်ရှိပါကြောင်း။


မိမိတို့ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၁၈) ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင် (၂၄)ရက်အထိ အိမ်ထောင်စု (၁၇၆၇၆)စု၊ လူဦးရေ(၇၀၆၅၆)ဦးအတွက် စုစုပေါင်း (၁၁၈၆ ဒသမ ၃၉၅)သန်းတန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်ပါကြောင်း။


ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း(IFRC)တို့ ပါဝင်ဖွဲ့စည်းထားသော ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်း၍လည်း ၂၀၁၉ ခုနှစ် ဇူလိုင် (၄)ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂၅၅)စု၊ လူဦးရေ (၂၇၀၉၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးခဲ့ပြီး ရွေ့လျားဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာဖြန့်ချိခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇွန် (၃၀)ရက်အထိ တိုက်ပွဲရှောင် လူဦးရေ (၇၄၀၉) ဦးအတွက် စားနပ်ရိက္ခာ (၁)လစာ (ဆန်၊ဆီ၊ဆား၊ပဲ) (၁၀၈ ဒသမ ၄၅၅) မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သည့်နေရာများအတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။


အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာအစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းထားသည့် ဆန်များမှ ကျန်ရှိနေသော ဆန်တန်ချိန် ၂၅၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၂၃)ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ဝေထောက်ပံ့ပြီး ဖြစ်ပါကြောင်း။


ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအပြင် ပြည်နယ်ချင်းဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကိုလည်း ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင် (၂၇)ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီ၊ ဆား၊ ပဲများ၊ မိုးကာလိပ်များစသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် မိမိတို့ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့အပြင် စေတနာရှင်ပြည်သူများ၏  ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၂၃၆၆ ဒသမ ၈၄ ) သိန်းတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။


တိုက်ပွဲရှောင်များ ယာယီခိုလှုံရာစခန်းများသို့ ရောက်ရှိနေထိုင်ကြောင်း သတင်းရရှိလျှင် ရရှိချင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ စောင်၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးသုံး အသုံးအဆောင်ပစ္စည်းများ (Dignity Kit) စသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများကို  ဒေသခံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထိုသို့ထောက်ပံ့ပေးရာတွင် ဝေးလံ၍ လုံခြုံရေးအခြေအနေအရ အချိန်မီသွားရောက်ရန် ခက်ခဲသည့်ဒေသများအတွက် ဒေသခံကိုယ်စားလှယ်များနှင့် ချိတ်ဆက်၍ ကိုယ်စားလှယ်တစ်ဦးအား စေလွှတ်ထုတ်ယူစေသည့် နည်းလမ်းဖြင့်လည်း ထောက်ပံ့ပေးခဲ့ပါကြောင်း။


ရခိုင်ပြည်နယ်အတွင်း အချို့မြို့နယ်များ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်သူများကို ထောက်ပံ့ရန်အတွက် မိမိတို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ညှိနှိုင်းပြီး ယာယီခိုလှုံရာစခန်းများဖွင့်လှစ်မှု၊ အဆောက်အဦ ဆောက်လုပ်မှုနှင့်စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေကိစ္စရပ်များပါဝင်သည့် ယာယီနေရာ ချထားပေးနိုင်ရေးလုပ်ငန်းစဉ်အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်များအရ ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်(၁)ဘီလီယံနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် (၆၁၇ ဒသမ ၅၀ဝ)သန်း၊ စုစုပေါင်း ငွေကျပ် (၁၆၁၇ ဒသမ ၅၀ဝ)သန်းဖြင့် တိုက်ပွဲရှောင်စခန်း (၇)ခု ဆောက်လုပ်ပေးလျက်ရှိပါကြောင်း။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၁)ရက်အထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ယာယီခိုလှုံရေး စခန်းများရှိ ပြည်သူများနှင့် ဒေသခံများကို ဆေးကုသမှုစုစုပေါင်းမှာ (၂၂၄၈၈)ဦးရှိပြီး ခြင်ထောင် (၃၄၉၄)ထည်နှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း။


တိုက်ပွဲရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက်လည်း နီးစပ်ရာ ကျောင်းများတွင်လည်းကောင်း၊ ယာယီခိုလှုံရေးစခန်း အတွင်းရှိ အိပ်ဆောင်များတွင်နေရာ အခန်းဖွဲ့၍လည်းကောင်း သင်ကြားပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်း။


ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီမှစတင်၍ လစဉ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ တွေ့ရှိချက်များနှင့် ကိုယ်စားလှယ်များ၊ ပါတီများ၊ ဒေသခံအဖွဲ့အစည်းများ၏ တွေ့ရှိချက်များမှ လိုအပ်ချက်များကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း။


သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား လက်တလောစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းစီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ 


ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ “အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင်နိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်း ရှိ ၊ မရှိ”  မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သည့် လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်စေရန် အထောက်အကူပြုဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက် ရေးနည်းလမ်းများနှင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်မည့်မူဝါဒအပေါ် အခြေခံဆောင်ရွက်လျှက် ရှိပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အများနည်းတူ ခံစားရရှိနိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ ၂၀၁၅ ခုနှစ်နှင့် နည်းဥပဒေများ ၂၀၁၇ ခုနှစ်တို့ကို ပြဋ္ဌာန်းခြင်းတို့ဖြင့် နိုင်ငံတကာသဘောတူညီချက်များ၊ မူဘောင်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူအသုံးပြုသွားလာရာ နေရာများတွင် ရှိသော အဆောက်အဦများ၌ မသန်စွမ်းသူများအတွက် အတားအဆီးမရှိသော ဒီဇိုင်းပုံစံများအား ထည့်သွင်းတွက်ချက် လုပ်ဆောင်ရန် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျဉ်းများ - ၂၀၁၆ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ (၁)ရက်မှစ၍ လိုက်နာဆောင် ရွက်စေရေး ထပ်ဆင့်ညွှန်ကြားပေးရန် သက်ဆိုင်ရာ ကောင်စီအဖွဲ့များသို့ ၂၀၁၈ ခုနှစ် ဇွန် (၁) ရက်တွင် အကြောင်းကြားထားပြီး ပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့မြေပြင်တွင် မသန်စွမ်း သူများအတွက် ဆင်ခြေလျှောများ၊ Toilet များ လိုအပ်သည့် လှေကားအကျယ်နှင့် အမြင့်တို့ကို ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မေ (၂၂)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ ပုဒ်မ (၂၈)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာနိုင်ရေးအတွက် လူနာအဝင်၊ အထွက် နေရာ၊ ကားပါကင်များနှင့် အိမ်သာများရှိ လိုအပ်ချက်များကို စိစစ်တင်ပြနိုင်ရန် နမူနာပုံစံများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မသန်စွမ်း အားကစားသမားများအတွက် လျှောက်လမ်းပါဝင်သော အထောက်အကူပြုပုံစံများပါရှိသည့် သန့်စင်ခန်းများကို ဝဏ္ဏသိဒ္ဒိအားကစားကွင်းအတွင်းရှိ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များတွင် ထည့်သွင်းတည်ဆောက်ထားရှိသည့်အပြင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင်လည်း မသန်စွမ်းအားကစားသမားများအတွက် မသန်စွမ်းလေ့ကျင့်ရေးစခန်းအား တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း။


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် လမ်းများ၏ လူသွားစြင်္ကန်များတွင်လည်း လူသွားစြင်္ကန်များ၏ထိပ်တွင် နိမ့်လျှောများ ထည့်သွင်းတည် ဆောက်ပေးခြင်း၊ လမ်းလယ်ကျွန်းတြိဂံကျွန်းများနှင့် လူကူးမျဉ်းကျား ထိစပ်သောနေရာများတွင် လမ်းမျက်နှာပြင်နှင့်တပြေးညီ Level နှိမ့်၍ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။


ဘေးအန္တရာယ် အမျိုးမျိုးအတွက် အရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး၊  ဘေးကင်းလုံခြုံရေးတိုနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအခန်း(၉)နှင့် နည်းဥပဒေများ အခန်း(၇)တို့တွင် ပြဋ္ဌာန်း ထားရှိပြီးဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေများ (၂၀၁၅)တွင်လည်း ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။


ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အားလုံးအကြုံးဝင်သည့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲခြင်းသင်တန်းအတွက် အသေးစိတ်သင်တန်းလမ်းညွှန် (၂၀၁၆)နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင်  ထိခိုက်လွယ်အုပ်စုများ ကျန်ရှိမှုမရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။


ဘေးအန္တရာယ်ဖြစ်ပွား ပေါ်ပေါက်မှုများကို ပြည်သူများကိုယ်တိုင် အကြောင်းကြား ဆက်သွယ်နိုင်ရန် စီမံဆောင်ရွက်ထားသော DAN Mobile Applicationကို မသန်စွမ်းသူများပါ အသုံးပြုနိုင်ရန် အလေးထား၍ ရေးဆွဲခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် အဆိုပါ Applicationဖြန့်ချိခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။


ထို့ပြင် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (MAPDRR) ၂၀၁၇ တွင် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်နေသူများနှင့် ၎င်းတို့၏ မိသားစုများ၊ အိမ်နီးချင်းများအပါအဝင် ထိခိုက်ခံရလွယ်မှု အရှိဆုံးသူများကို အဓိက ဦးတည်ကာ လူထုအကြား ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပညာပေးရန်အတွက် လုပ်ငန်းအစီအစဉ်များ ထည့်သွင်းရေးဆွဲထားပါကြောင်း။


အလားတူ ASEAN Enabling Master Plan (2015) ကိုအခြေခံပြီး Myanmar Sustainable Development Plan နှင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(UNCRPD)တို့နှင့်လည်း ကိုက်ညီမှုရှိသည့် နိုင်ငံတော်၏ ဖွံ့ဖြိးတိုးတက်မှုကဏ္ဍတိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပေါင်းစပ်ထည့်သွင်းဆောင်ရွက်မှုကို သေချာစေမည့် မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၅)ကို မူကြမ်းရေးဆွဲဆောင်ရွက်လျက်ရှိရာတွင်လည်း မသန်စွမ်းသူများအတွက် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ စီမံခန့်ခွဲရေးနှင့် အလွယ်တကူလက်လှမ်းမီ ရရှိသုံးစွဲနိုင်ရေးတို့ကို ဦးစားပေးနယ်ပယ်များအဖြစ် ထည့်သွင်းထားပါကြောင်း ရှင်းလင်းပြောကြားသည်။


ထို့အတူ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန် ပေးခြင်းများဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိလိုခြင်း”မေးခွန်း၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ "MainArterial Road-22 လမ်းမကြီးမှ တမူး-စစ်သောင်-ရောင်ဟီးလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် မည်သည့်အချိန်တွင် အပြီးဖောက် လုပ်နိုင်မည်ကိုသိလိုခြင်း”မေးခွန်း၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ “မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီးဌာနက မည်ကဲ့သို့ အစီအစဉ်များရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကိုသိလိုခြင်း”မေးခွန်းနှင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ “ကျောင်းကုန်းမြို့နယ်ရှိ ပိန်းဂရက်လေး-ကျောင်း အိုင်-ပိန်းဂရက်ကြီးလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းပြောကြားသည်။


ထို့ပြင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ “ကနီမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများကို ထိရောက်သောအစီအမံများဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့် “မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ် များဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိ သည့်အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်ပါ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။


သတင်း-မော်စီ၊ မွှေးကြူဇင်


ဓာတ်ပုံ-ထန်းဖုန်