မူဆယ် ၈ သြဂုတ်
မြန်မာနိုင်ငံ မူဆယ်မြို့ - တရုတ်နိုင်ငံ ရွှေလီမြို့ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ကျင်းပသွားမယ်လို့ သိရသည်။
ယခင်နှစ်တွင် နိုင်ငံတကာမာရသွန်ပြိုင်ပွဲဟု သုံးနှုန်းထားပြီး ယခုနှစ်တွင် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲဟု နာမည်ပြောင်းသွားမယ်လို့လည်း သိရသည်။ ပြိုင်ပွဲဝင်ဦးရေကို (၁)သောင်း သတ်မှတ်ထားပြီး ရွှေလီမြို့ ကျယ်ဂေါင်လမ်းမှ ရွှေလီမြို့ နမ့်မောဝ်ဟူပန်းခြံတွင် ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အမျိုးအစားများမှာ တာဝေး၊ တာလတ်နှင့် အပျော်ပြေးဟူ၍ (၃)မျိုးခွဲခြားထားကြောင်း၊ တာဝေးနှင့် တာလတ်လမ်းကြောင်းကို ယခင်နှစ်ထက်(၁၂)ကီလိုမီတာ ပို၍ရှည်ထားပြီး အပျော်ပြေးများအတွက် (၄.၂)ကီလိုမီတာ ပိုရှည်ထားသည့်အတွက် မြန်မာနိုင်ငံဘက်က ထောက်ခံကူညီဆောင်ရွက်စေလိုကြောင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ပြိုင်ပွဲကျင်းပပုံများကို ဒရုန်းနှင့် ရဟတ်ယာဉ်တို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်နိုင်ရန် ပြင်ဆင်ထားပြီး ပြိုင်ပွဲကျင်းပမည့် လမ်းကြောင်းတစ်လျှောက်ကို ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ပြိုင်ပွဲဝင်မည့် ကစားသမားများ၏ နာမည်စာရင်းများကို စုပေါင်း၍ အွန်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ပေးသွင်းရမည်ဖြစ်ပြီး အခကြေးငွေ သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။ မူဆယ်-ရွှေလီ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ရန် စီစဉ်ထားပြီး အဝင်/အထွက် တံဆိပ်တုံးထုသည့် ကိစ္စမှအစ အခက်အခဲရှိသည့်အတွက် နှစ်ရှည်စာချုပ်ချုပ်ဆို လက်မှတ်ထိုးပြီး ဆောင်ရွက်လိုကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


