၉ သြဂုတ်
မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှု၊ ရေကြီးရေလျှံမှုတို့ကြောင့် ဒေသအနှံ့အပြား မြို့ရွာများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရခြင်း၊ စာသင်ကျောင်းများ ယာယီပိတ်ထားရခြင်းတို့ကို နေ့စဉ်ရက်ဆက်ဆိုသလို သတင်းများတွင် တွေ့မြင်နေကြရပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒေသအချို့၌ မိုးမရွာသည်မှာ လချီကြာမြင့်နေ၍ သီးနှံများပျက်စီးရခြင်း၊ ပြန်လည်စိုက်ပျိုးကြရခြင်းနှင့် မိုးရွာစေရန်အတွက်ဟုဆိုကာ မိရိုးဖလာယုံကြည်မှုအရ မိုးခေါ်လွန်ဆွဲပွဲများ ပြုလုပ်ကြကြောင်း သတင်းတို့အရလည်း ရာသီဥတု၏ ဖောက်လွဲဖောက်ပြန်မှုကို ပို၍သတိပြုစရာဖြစ်သည်။
ရေကြီးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်တွင် ရေကြီးမှုနှင့်တကွ နောက်ဆက်တွဲအန္တရာယ်များကလည်း သတိပြုကာကွယ်ကြရန်လိုသည့်အလျောက် ဘေးအန္တရာယ်ပညာပေးမှုများကို နှစ်စဉ်ပြုလုပ်ပေးလျက်ရှိသလို ရေဘေးအန္တရာယ်နှစ်စဉ်ကျရောက်လေ့ရှိသည့် နေရာဒေသများတွင် နေထိုင်ကြသည့်ပြည်သူများကလည်း ဂရုပြု လိုက်နာဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုတို့အလျဉ်းမဖြစ်အောင် ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။ အထူးသဖြင့် မိုးရွာသွန်းမှုနှင့် မြစ်ရေအခြေအနေတို့ကို သက်ဆိုင်ရာမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ မီဒီယာအသီးသီးမှတစ်ဆင့် ထုတ်ပြန်ပေးနေသည်ကို မျက်ခြည်မပြတ် ကြည့်ရှုနားထောင်ပြီး လက်ဆင့်ကမ်းအသိပေးခြင်း၊ အကြံပြုချက်များကို လိုက်နာခြင်းတို့ ပြုကြရန်ပင်ဖြစ်သည်။
ရေကြီးမှုသည် မြေပြန့်မြစ်ဝှမ်းလွင်ပြင်များမှာသာမက တောင်ပေါ်ဒေသမြစ်ဖျားချောင်းဖျားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကျရေကျဆင်းပြီး ရုတ်တရက် ရေကြီးခြင်းဖြစ်နိုင်သည့်အလျောက် မိမိနေထိုင်နေသည့်နေရာ၊ မိမိရောက်ရှိနေသည့်နေရာသည် ရေဘေးမှ ကင်းလွတ်ခြင်းရှိမရှိ သတိပြုနေထိုင်ကြရန်လိုသည်။
ထို့အပြင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်သုံးပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် အဖိုးတန်ပစ္စည်းများ၊ စားရေရိက္ခာများတို့ကို ကိုယ်နှင့်မကွာထား၍ အချိန်မရွေးအဆင်သင့်တိမ်းရှောင်နိုင်ရန် မိသားစုဝင်အချင်းချင်း ညှိနှိုင်းသတ်မှတ်ထားကြရန်လည်း လိုအပ်သည်။ ရေကြီးရေလျှံချိန်တွင် အထူးဂရုပြုသင့်သည့် အန္တရာယ်များမှာ လျှပ်စစ်၊ မြွေကဲ့သို့သော အဆိပ်ရှိသတ္တဝါများ၊ ရေစီးအားတို့ပင်ဖြစ်သည်။ ရပ်ရွာအတွင်း ရေဝင်နစ်မြုပ်မှုဖြစ်လာပါက သက်ဆိုင်ရာက ဓာတ်အားဖြတ်တောက်လိုက်ခြင်းက ဘေးအန္တရာယ်ကင်းဝေးစေရန်လိုအပ်ချက် ဖြစ်သည်။ ရေစီးနှင့်မျောပါလာသည့် မြွေဆိုးများ မိမိနေအိမ်၏နေရာတိုင်းမှာ ခိုအောင်းနေနိုင်သည့်အတွက် ရေကြီးချိန်တွင် ရေဘေးလွတ်ကင်း ရာနေရာ၌ သွားရောက်ခိုလှုံနေထိုင်ပြီး ရေကျသွားမှသာ နေအိမ်တွင် အန္တရာယ်ကင်းအောင် ရှင်းလင်းပြီး နေထိုင်ရန်အကြံပြုထားသည်များ ရှိသည်။
နောက်ထပ်အရေးကြီးသည့်အချက်မှာ ရေကြီးရေလျှံချိန်တွင် ကူးစက်ရောဂါများ လျင်လျင်မြန်မြန် ပြန့်ပွားတတ်သည့် အန္တရာယ်ကိုလည်း သတိပြုကြဖို့ဖြစ်သည်။ ယင်းအချိန်တွင် မိလ္လာရေဆိုးများ လျှံထွက်ပျံ့နှံ့ခြင်းနှင့်အတူ ၎င်းရေများထဲမှာပင် အညစ်အကြေးစွန့်ကြရခြင်း၊ ရေဘေးရှောင်စခန်းများတွင် လူအများအပြား စုပေါင်းနေထိုင်ကြချိန်တွင် စည်းကမ်းမဲ့သူတို့က ရေအိမ်ကို ညစ်ညမ်းစွာအသုံးပြုခြင်း စသည်တို့က ဝမ်းပျက်ဝမ်းလျှောနှင့် အသည်းရောင်အသားဝါ ကဲ့သို့သော ကူးစက်ရောဂါမျိုးများကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်တတ်သည်။ သို့ဖြစ်သောကြောင့် သောက်သုံးရေသန့် သို့မဟုတ်ပါက ကျိုချက်ထားသည့်ရေ၊ သို့မဟုတ် ရေသန့်ဆေးခတ်ထားသည့် ရေကိုသာ သုံးစွဲကြရန် အကြံပြုလိုသည်။ ထို့အပြင် ရေကြီးရေလျှံချိန်တွင် မလိုအပ်ဘဲ ရေထဲတွင် လျှောက်သွားခြင်း၊ ရေကူးခြင်းတို့ မပြုလုပ်ရန်ပင်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လျှပ်စစ်အန္တရာယ်၊ ကူးစက်ရောဂါအန္တရာယ်၊ ကျင်းချိုင့်များထဲသို့ ကျရောက်နိုင်သည့် အန္တရာယ်တို့အပြင် ရေစီးကြောင်းထဲ မျောပါနိုင်သည့် အန္တရာယ်များရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေဘေးအန္တရာယ်က နှစ်စဉ်ရာသီချိန်တိုင်း ကျရောက်မည့်အန္တရာယ်ဖြစ်သည်။ အသက်ကို ဉာဏ်စောင့်သည်ဟူသည့် ဆိုရိုးအတိုင်း မိမိတို့၏အသက်အန္တရာယ်ကို မထိမခိုက် မဆုံးမရှုံးရအောင် သတိတမန်၊ အသိဉာဏ်ဖြင့် ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း