ပန်းတနော် ၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အကယ်ချောင်း ကျေးရွာအနီး ရန်ကုန်- ပုသိမ်ကားလမ်းမကြီးပေါ်တွင် သြဂုတ် ၈ ရက် နံနက် ၇ နာရီက ယာဉ်တိုက်မှုဖြစ်ပွားခဲ့၍ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ပုသိမ်ဘက်သို့မောင်းနှင်လာသော သင်္ကန်ကျွန်းမြို့နယ်တွင် နေထိုင်သူ ယာဉ်မောင်း ဇော်မင်းထွေး မောင်နှင်သည့် ယာဉ်သည် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၄၄/၆နှင့် ၄၄/၇ အကြားတွင် အရှိန်မထိန်းနိုင်ပဲလမ်း၏ ဝဲဘက်ရှိ လက်ပံပင်အား ယာဉ်၏ အရှေ့ဝဲဘက်ခြမ်းနှင့် တိုက်မိ၍ ယာဉ်မောင်း ဦးဇော်မင်းထွေးနှင့် ယာဉ်နောက်လိုက်ပါလာသူ ဦးကျော်ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်နောက် လိုက်ပါသော ကျန်နှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ စိုးရိမ်ရသဖြင့် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အချိန်မှီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သော သေဆုံးသူ ယာဉ်မောင်း ဦးဇော်မင်းထွေးအား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)