မာန်အောင် ၉ ဩဂုတ်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို မာန်အောင်မြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၂၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်ထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော တောရွာကျေးရွာ မြစိမ်းရောင်စီမံကိန်း သုံးနှစ်ပြည့် သုံးသပ်ဆွေးနွေးပွဲနှင့် ကော်မတီအသစ် ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များက သုံးနှစ်ပြည့်ဆောင်ရွက်ခဲ့သည့် စီမံကိန်း၏ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်ဆွေးနွေးကြကာ ကော်မတီအသစ်ကို ရွေးချယ်ခဲ့ကြသည်။
မာန်အောင်မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကို၂၀၁၄-၂၀၁၅ဘဏ္ဍာရေး နှစ်မှစတင်၍၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း ၂၉ ရွာသို့ တစ်ရွာလျင် မတည်ရန်ပုံငွေကျပ်သိန်း(၃၀ဝ)ထောက်ပံ့ပေးခဲ့ပြီး အသင်းဝင်များက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုသုံးနှစ်ပြည့် သုံးသပ်ဆွေးနွေးပြုလုပ်သည့် တောရွာကျေးရွာမြစိမ်းရောင်စီမံကိန်းသည် ယခုအခါ အရင်းအတိုး စုစုပေါင်းငွေကျပ်(၄၀၂)သိန်း ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)


