မြိတ် ၉ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သြဂုတ်လ (၈)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ငယ်ရပ်ကွက်ရှိ သမိုင်းဝင် ကန်တော်မင်္ဂလာ ရေကန်ပတ်လမ်း အရှည်(၃၇၀ဝ)ပေတွင် စေတနာရှင် အလှူရှင်များလှူဒါန်းမှုဖြင့် LED မီးတိုင်များကို စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ စိုက်ထူဆောင်ရွက်နေမှုနှင့် ရေကန်စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးသည်။
ထိုနောက် အထက(ခွဲ) အလက(၁)ကျောင်း၌ တည်ဆောက်လျက်ရှိသော (၁၉၀ ပေ × ၃၀ ပေ) RC (၃) ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ အထက(၇)ကျောင်းတွင် တည်ဆောက်လျက်ရှိသော (၁၃၀ ပေ × ၃၀ ပေ) RCC(၂)ထပ်ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ မြိတ်တက္ကသိုလ် ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၄)ထပ်နှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူ/သားအိပ်ဆောင် RC(၂)ထပ် ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဇီဝိတဒါန သံဃာ့ဆေးရုံဝင်း အတွင်း ကုတင်(၁၀ဝ)ဆံ့ မြိတ်မြို့ သီတဂူစက္ခုဒါန ဆေးရုံကို ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဦးဆောင်လမ်းညွှန်မှု စေတနာရှင်အလှူရှင်များ လှူဒါန်းမှုဖြင့် မျက်စိ ဝေဒနာနှင့်ပတ်သက်သည့် ရဟန်း၊ သာမဏေ၊ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအား စိတ်အေးချမ်းသာစွာ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် စက္ခုဒါနဆေးရုံ အလျား(၁၁၄) ပေ၊ အနံ(၄၅) ပေ RC နှစ်ထပ်အဆောက်အဦနှင့် ခွဲစိတ်ဆောင် တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုအားပေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြေးနန်းတိုင်-နန်းတော်ရာ ကျေးလက်လမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော တောင်းရှည်တံတား တည်ဆောက်ရေးစီမံကိန်းနှင့် မင်းသန်း-မောင်းလှော် ကျေးလက်လမ်းပေါ်ရှိ မင်းသန်-မောင်းလှော်တံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တို့တွင် တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့သည်။
တောင်းရှည်တံတားသည် အရှည်(၂၉၅)ပေ အကျယ်(၁၈)ပေရှိပြီး တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး မင်းသန်း-မောင်းလှော်တံတားသည် မြိတ် မြို့နယ် မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာကို ဆက်သွယ်ထားသော တံတားဖြစ်၍ တံတားအရှည် (၂၁၀ဝ)ပေ အကျယ် (၂၄)ပေရှိပြီး တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ အဆိုပါတံတားများ တည်ဆောက်ပြီးစီးပါက ဒေသခံ ပြည်သူများ လူမှုစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)


