လွိုင်ကော် ၉ သြဂုတ်
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် သဘာဝရေပြင်များဖြစ်သည့် မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် အများပြည်သူများ ထုတ်ယူစားသုံးနိုင်ရေးအတွက် အခမဲ့ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ လွိုင်ကော်မြို့ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက လွိုင်ကော်မြို့ ဘီလူးချောင်းနှင့် ထေးငှားလျားကန်တို့တွင် ပြုလုပ်ပြီး စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ယခုအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ငါးသယံဇာတများ လျော့ပါးလျက်ရှိရာ ရာသီဥတုပြောင်းလဲခြင်း၊ တရားမဝင်ငါးဖမ်းခြင်း (ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ချခြင်း၊မိုင်းခွဲခြင်း)၊ အလွန်အကျွံ ငါးဖမ်းဆီး ထုတ်လုပ်ခြင်း၊ ပိုက်ကွန်သေးငါးဖမ်းကိရိယာများ အသုံးပြုခြင်း၊ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်း၊ ဒီရေတော လျော့နည်းလာခြင်း၊ ရေထုညစ်ညမ်းခြင်း (စွန့်ပစ်ရေဆိုးများ၊ အမိုက်သရိုက်များ)၊ မြစ်သဲကျောက် တူးဖော်ခြင်းကြောင့် ငါးနေငါးထိုင်တောပျက်စီးခြင်း၊ ရွှေမျှောစင်များ ပြဒါး၊ဆိုင်ယာနိုက်အဆိပ်များ ရေတွင် ပျော်ဝင်ခြင်းတို့ကြောင့် ငါးသယံဇာတများ လျော့နည်းရခြင်းဖြစ်ကြောင်း၊ ယင်းသို့လျာ့နည်းမှုများကြောင့် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် သဘာဝရေပြင်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းဖြင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ်မှုရရှိစေပြီး အများပြည်သူ ငါးရိက္ခာဖူလုံစေရေးတို့ကို ရည်ရွယ်လျက် အခမဲ့ငါးမျိုးစိုက်ထည့်ခြင်း ဖြစ်ပါကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူးဦးညွန့်ဝင်းနှင့် ခရိုင်ဦးစီးမှူးဦးထွန်းလှအောင်တို့က ပြောကြားသည်။
အဆိုပါငါးမျိုးစိုက်ထည့်ရာ၌ ဘီလူးချောင်းတွင် ရွှေဝါငါးကြင်း ကောင်ရေ ၁၀ဝ၀ဝ၊ ထိုင်းငါးခုံးမကြီး ကောင်ရေ ၁၀ဝ၀ဝနှင့် ထေးငှားလျားကန်တွင် ရွှေဝါငါးကြင်း ကောင်ရေ ၁၀ဝ၀ဝ၊ ထိုင်းငါးခုံးမကြီး ကောင်ရေ ၁၀ဝ၀ဝ စီဖြင့် စုစုပေါင်း ကောင်ရေ ၄၀ဝ၀ဝ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်သား


