မူဆယ်    ၉ ဩဂုတ်  


မြန်မာနိုင်ငံ၊ နယ်စပ်ကုန်သွယ်မှု အများဆုံးဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင်  MACCS(Myanmar Automated Cargo Clearence System) အလိုအလျှောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ်ကို (၂၀၂၁) ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မူဆယ်မြို့၊ အကောက်ခွန် ဦးစီးဌာနမှ သိရသည်။


အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဆိုင်ရာ သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များကို (Manual)စနစ်မှ (Automation)စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် ရန်ကုန်ဧရိယာနှင့်မြဝတီ နယ်စပ်ဒေသတို့တွင် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် MACCS(Myanmar Automated Cargo Clearence System)စနစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် နယ်စပ်ဒေသမူဆယ်မြို့တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လျှာထားခြင်းဖြစ်ကြောင်း သိရသည်။ 


MACCS(Myanmar Automated Cargo Clearence System)စနစ်ကို အသုံးပြုခြင်းအားဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏတိုးမြင့်လာခြင်း၊ ကုန်သွယ်မှုကို လျင်မြန်လွယ်ကူစေခြင်း၊ မှန်ကန်တိကျသော ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များရရှိလာနိုင်ခြင်း၊ ခေတ်မီကောင်းမွန်သည့် ကုန်ပစ္စည်းရှင်းလင်းရေး စနစ်ကို အသုံးပြုခြင်းကြောင့် မူဆယ်နယ်စပ်အကောက်ခွန်ဝန်ဆောင်မှု ကိုယ်စားလှယ်များ၏ အရည်အသွေးများ ပိုမိုတိုးတက်လာခြင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် မူဆယ်နယ်စပ်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှုများကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းသိရသည်။


MACCS(Myanmar Automated Cargo Clearence System)စနစ်အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြပွဲအခမ်းအနားကို ဩဂုတ်လ(၆)ရက်နေ့တွင် မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများ အသင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်း၊ MACCSဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးဝင်းသန့်၊ (MCBA)ဉက္ကဌဦးမင်းမောင်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး MACCS(Myanmar Automated Cargo Clearence System)အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ သိရှိလိုသည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)