ကသာ ၉ သြဂုတ်
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် မေ၊ ဇွန်၊ ဇူလိုင် လ များကို ငါးရစ်၊ ငါးသန် မဖမ်းရသော ကာလ သတ်မှတ်၍ သြဂုတ်လမှ စတင်ကာ ငါးလုပ်ငန်း ဦးစီးဌာနက ငါးဖမ်းခြင်းလုပ်ငန်းကို ဥပဒေနှင့် အညီ လုပ်ငန်းများကို ခွင့်ပြုပေးထားသောကြောင့် ကသာမြို့တွင် ဧရာဝတီ ရေချိုငါးများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိကြောင်း အမှတ် (၁) ရက်ကွက် "ရွှေကံ" ငါးပွဲ ရုံမှ သိရသည်။
ကသာမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးဘမောင်က "ငါးသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ကသာမြို့နယ် အင်းသူကြီးများ၊ ရေလုပ်သားများ၊ သယံဇာတ ထိန်းသိမ်းရေး စိတ်ပါဝင်စားသူများ ပူးပေါင်းမှုကြောင့် ငါးသယံဇာတများ ပေါများလာပြီး၊ ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသော သူများ အလုပ်အကိုင်များ အဆင်ပြေမှုများ ရှိလာကြောင်း၊ အခွန် အခများလည်း တိုးပွားလာကြောင်း၊ ယခုငါးဖမ်းခြင်းလုပ်ငန်း ရာသီအချိန်တွင် ဧရာဝတီ ရေချိုငါးထွက် ရှိခြင်းမှာ ဧရာဝတီမြစ်ရေသည် မြစ်နှင့် ဆက်စပ်လျှက်ရှိသော အင်းများအတွင်း သို့ မြစ်ရေဝင်မှုများ၍ ငါးဝင်ရောက်မှုများသောကြောင့် ယခင်နှစ်များထက်စော၍ ဈေးကွက်အတွင်း ရောက်ရှိကြောင်း" ကို ပြောကြားခဲ့သည်။
ကသာမြို့နယ်အတွင်း မိုးတား၊ ကုန်းသာ၊ ဘွက်၊ သပြေသာ၊ ဝဲကြီး၊ ကျောက်ထုံးကြီး၊ သပြေပင်၊ အင်းဒရန့် စသည့်ကျေးရွာ အုပ်စုများတွင် အင်းပေါင်း (၇၄) အင်းရှိပြီး၊ ရွှေလီမြစ်ရိုး အောက်ပိုင်းမှ လာသော ငါးစင်စပ် (ငါးသန်) တစ်ပိဿာလျှင် ၅ဝဝိ/-၊ စံပါယ်ငါးလူး (ငါးသန်) တစ်ပိဿာလျှင် ၁၂ဝဝိ၊ ဒိုးလုံး (ငါးဖယ်အောင်းသေး) တစ်ပိဿာလျှင် ၁၈ဝဝိ/- နှုန်းဖြင့် ဝယ်လျက် ရှိကာ" ကသာဒေသ ထွက်ကုန်ဖြစ်သော ကသာငါးချဉ်" ကို ငါးလူး (ငါးသန့်)၊ ငါးစင်စပ် (ငါးသန့်) များ ဖြင့် ပြုလုပ်ကြောင်း သိရသည်။
ဟန်မျိုးကျော် (ကသာ)


