နောင်တရား ၉ သြဂုတ်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးသည်။


တွေ့ဆုံပွဲတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဒေသသည် ကျန်ဒေသများထက် ပိုမိုဖွံ့ဖြိုးလာကြောင်း၊ စီးပွားရေး လုပ်ငန်းများတွင် အားနည်းနေသည့်အတွက် စီးပွားရေးလုပ်ငန်း ပြေလည်အောင် အစုအသင်းအဖွဲ့များစုဖွဲ့ပြီး ရာသီသီးနှံများကို ကုန်ကြမ်းများမှတစ်ဆင့် ကုန်ချောထုတ်လုပ် နိုင်မှသာ အဆင်ပြေစေမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက နောင်တရားမြို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု လမ်းမီးသွယ်တန်းခြင်း၊ ဒေသဖွံ့ဖြိုးအတွက် အထောက်အကူပြုသည့် သင်တန်းများဖွင့်လှစ်မှု၊ အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ခြင်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကို တင်ပြခဲ့သည်။ 


ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဒေသလိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ခွန်အောင်(နောင်တရား)

 

1