ရန်ကုန် ၉ ဇူလိုင်

ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့်စနစ် စမ်းသပ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

သြဂုတ် ၉ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် အဆိုပါစနစ် စမ်းသပ်ကျင့်သုံးမည့် အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဆောက်အဦတွေ ဆောက်လုပ်ရေးဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အဆောက်အဦ ဆောက်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ အဆောက်အဦတွေကို ဆောက်လုပ်ဖို့အတွက် ရုန်းကန်ကြိုးပမ်းဆောင်ရွက်တဲ့ နေရာတွေမှာ အချိန်တွေ ကြန့်ကြာနေတယ်ဆိုတဲ့ အနေအထားတွေ၊ အမျိုးမျိုးတင်ပြနေတဲ့ အသံတွေကို ကြားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်စည်ပင်သာယာရေး ကော်မတီဘက်ကနေ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေကို ကြည့်မယ်ဆိုရင် အလွန်အင်မတန် ရိုးရှင်းပါတယ်။ အလွန်အင်မတန်လွန်ကူပါတယ်။ ဒါတွေအားလုံးကို စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်ဆိုရင် ဘာမှ ခက်ခဲနိုင်စရာ မရှိပါဘူး"ဟု ဝန်ကြီးချုပ်က ပြောသည်။

ထိုသို့  အဆောက်အဦ ဆောက်လုပ်သည့်နေရာများတွင် အခက်အခဲများ ရှိခြင်းမှာလည်း မိမိ ရရှိထားသည့်နေရာများနှင့် ဝယ်ယူထားသည့် မြေနေရာများ၌ အဆောက်အဦများ ဆောက်လုပ်သည့် နေရာတိုင်းတွင် မိမိဖြစ်ချင်သည့် ပုံသဏ္ဍာန်များ၊ မိမိလုပ်ချင်သည့် ပုံသဏ္ဍာန်များကို ဖြစ်နိုင်ရန်အတွက် မြို့တော်စည်ပင် သာယာ၏ ဥပဒေများကို နည်းလမ်းအမျိုးမျိုးဖြင့် ပြင်လွယ်ပြောင်းလွယ် ဖြစ်အောင် လာရောက် ညှိနှိုင်းဆောင်ရွက်နေသော ကိစ္စများမှာ အဆိုးဆုံး ဖြစ်ကြောင်း၊ ယင်းမှာ မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုမိန့်များကို လျှောက်ထားသည့် နေရာတွင် အခက်အခဲဆုံး ကိစ္စတစ်ရပ် ဖြစ်ကြောင်း သိရသည်။

"ဒီနေရာမှာ အမျိုးမျိုး ဝေဖန်မှုတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လူတွေနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက်  ဝန်ထမ်းတွေရဲ့ ဆက်ဆံမှု၊ ဝန်ထမ်းတွေနဲ့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် မပြေလည်မှု ကိစ္စရပ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိကဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က မြို့တော်စည်ပင် သာယာရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောက်လုပ်ခွင့် ပါမစ်တွေကို ဝင်လျှောက်မယ်ဆိုရင် ဘာမှ ခက်ခဲမှုမရှိနိုင်ပါဘူး"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၊ IFC နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် အွန်လိုင်း စနစ်မှတစ်ဆင့် ဆောက်လုပ်ခွင့်ကို လျှောက်ထား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်သည် အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်များ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပထမဦးဆုံး စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ပြင် အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်ရပြီးသည့် နောက်ပိုင်းတွင်လည်း အဆောက်အဦများ၏ ဆောက်လုပ်နေမှု၊ အဆောက်အဦပြီးစီးမှု၊ လူနေထိုင်ခွင့်ရသည်အထိ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ယင်းအခြေအနေများ အောင်မြင်ထမြောက်ရန် အတွက် ရန်ကုန်မြို့၏ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ် စနစ်တစ်ခုအား ထုတ်ပြန် ကြေညာခြင်းဖြစ်ပြီး ယင်းစနစ်ကို pilot project တစ်ခုကဲ့သို့  စမ်းသပ်ကျင့်သုံးသွားမည်ဖြစ်ပြီး စမ်းသပ်ကျင့်သုံးမှု အောင်မြင်ခဲ့ပါက ဆောင်ရွက်၍ရသော ပြောင်းလဲသင့်သော အနေအထားများကို စမ်းသပ်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Nyein Nyein