ဘားအံ ၉ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနိုင်၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲမှူးကြီး၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ကျေးရွာများ ဖြစ်သော ရွှေတော၊ ကော့ပရံ၊ ကော့လုံစိန်၊ ကော့အီဗိုက် ကျေးရွာများရှိ ကျေးရွာပြည်သူများအား ယနေ့ မွန်းလွဲ (၂) နာရီက ကော့ပရံကျေးရွာ ရတနာစိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပြီး ဆန်နှင့်စားရိက္ခာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါရေဘေးသင့်ကျေးရွာများမှ ကျေးရွာနေပြည်သူများအား အားပေးစကား ပြောကြားပြီး ကျေးရွာ (၄) ရွာရှိ အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၂၁၁) ဦးတို့အတွက် ဆန်၊ ဆီ၊ ငါးသတ္တာဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ကော့ပရံ ရတနာစိတ္တသုခ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးတေဇနိယအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စုအတွင်း ရွှေတောကျေးရွာတွင် အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၅ ဦး၊ ကော့လုံးစိန်ကျေးရွာတွင် အိမ်ထောင်စု ၈ စု၊ လူဦးရေ ၄၉ ဦး၊ ကော့ပရံကျေးရွာတွင် အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၉ ဦး၊ ကော့အီဗိုက် ကျေးရွာတွင် အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၆၈ ဦးအား တစ်အိမ်ထောင်လျှင် ဆန်(၅)ပြည်နှုန်းနှင့် ဆီ၊ ငါးသတ္တာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


