ရန်ကုန် ၉ သြဂုတ် 


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗညားဒလရပ်ကွက် အောင်ဇေယျဈေးအရှေ့ရှိ ကနောင်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးသည်များ၊ ရပ်နားထားသော မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကားများကို ယနေ့ နံနက် ၈ နာရီက  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန အောင်ဇေယျဈေး တာဝန်ခံအဖွဲ့နှင့် မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဈေးပတ်ဝန်းကျင်၌ စည်းကမ်းမဲ့ ဈေးရောင်းချနေမှုများနှင့် စည်းကမ်းမဲ့ရပ်နားထားသော ယာဉ်များ၏ ပိုင်ရှင်များနှင့်တွေ့ဆုံကာ စည်းကမ်းတကျရပ်နားထားရှိကြစေရန်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးနှင့် ခရီးသွား ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေး၍ ဖယ်ရှား ရှင်းလင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 


အောင်ဇေယျဈေးသည် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လေ့လာကြသော ဈေးကြီး တစ်ခုဖြစ်ပီး စည်းကမ်းလိုက်နာမှုမရှိသော ဈေးသည်များနှင့် ယာဉ်များကို  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)