မော်လမြိုင် ၉  သြဂုတ်     


မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများသည် သြဂုတ် ၈ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ ရပ်ကွက်များရှိ လူနေအိမ်များ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်၍ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့သည်။

 

1


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အရေးပေါ်စားနပ်ရိက္ခာများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာ သဘာဝဘေး လုပ်ငန်းကော်မတီဝင်များအား လမ်းညွှန်မှာကြားပြီး မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၈၄/ ၅ နှင့် ၁၈၄/ ၆ အကြား ပေါင်မြို့နယ် မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စု မလတ်တောင် မြေပြိုကျ၍ လမ်းပိတ်ဆို့မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်အတွင်းရှိ မြေတူးစက်(Backhoe/ Dozer)များအား စုစည်းကာ နေ့ချင်းပြီး အမြန်ဆုံးဖယ်ရှားရှင်းလင်းဆောင် ရွက်သွားရန်နှင့် မြေပြိုကျမှုကြောင့် သေဆုံး/ ဒဏ်ရာရရှိခဲ့သော လူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ်စာရင်းများအား အမြန်ဆုံးစာရင်းပြုစုကာ အချိန်နှင့်တပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ 

 

1


လက်ရှိအချိန်ထိ မြေပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ ကျား(၅)ဦး၊ မ(၅)ဦး နှင့် ဒဏ်ရာရ လူနာ(၂၇)ဦး စာရင်းကောက်ယူရရှိထားပြီး လမ်းရှင်းလင်းရေးအတွက် အနီးဆုံးမှ ရောက်ရှိလာသော မြေတူးစက်(Backhoe- ၃စီး) + (Dozer-၂စီး)ဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်(ပြန်/ဆက်)မှ  သိရသည်။


MDN