စစ်တွေ ၉ သြဂုတ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် စစ်တွေမြို့ မြို့ရေပေးရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မင်္ဂလာရပ်ကွက် ရေတွင်း လမ်း၊ ကုန်တန်းရပ်ကွက် ကုန်သည်လမ်းနှင့် နာဇီကျေးရွာတွင်း လမ်းများ ကွန်ကရစ် ခင်းကျင်းပြီးစီးမှုအခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီး(JICA) ချေးငွေဖြင့် ဆောင်ရွက်သော စစ်တွေမြို့ မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၁၈-၂၀၁၉ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သော စစ်တွေမြို့ ပြည်တော်သာရပ်ကွက် သတ္တဌာနလမ်းသွယ် မီးရထား လမ်းဘေးအား ကွန်ကရစ်ခင်းခြင်း၊ တံတားပြုလုပ်ခြင်း၊ အုတ်ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်း-နိုင်လင်းကြည်၊ ဓာတ်ပုံ-အောင်ရဲသွင်


