နေပြည်တော် ၉ သြဂုတ်    


ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက် ည ၉နာရီခွဲက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ (၁) လမ်းနေ မျိုးမင်းခိုင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၇၉၃ ပြား၊ မြန်မာငွေကျပ် ၃၄၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ အလားတူ သြဂုတ် ၈ ရက် နံနက် ၇ နာရီက ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာနေ တင်မောင်လတ်၏ နေအိမ်ကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၀ဝ  ကိုလည်းကောင်း၊ 

    
ထို့အတူ ပေါင်းတည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့၊ မင်းကွက် (၃) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူ ကျော်သူဝင်း (ခ) ကျော်ကြီး၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား အားသိမ်းဆည်းရမိ၍ ကွင်းဆက်အရ ဈေး (၂) ရပ်ကွက်နေ အုန်းမြင့်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၀ ၊ ဆေးခြောက် ၄ ဂရမ်၊ အိုက်စ် သုည ဒသမ ၂ ဂရမ် နှင့် မြန်မာငွေကျပ် ၈၄,၅၀ဝ တို့ကိုလည်ကောင်း၊ ဆက်လက်၍ ဈေး(၂)ရပ်ကွက်၊ တိုင်းချစ်လမ်းရှိ ၎င်းပိုင်ဆိုင်သောနေအိမ်အားရှာဖွေရာ နေအိမ်ခြံထောင့်ရှိအမှိုက်ပုံအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၂၆၀  တို့ကိုလည်းကောင်း၊ အလားတူ သြဂုတ် ၇ ရက် နံနက် ၁၀ နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ချဉ်မလင် ကျေးရွာအနီးရှိ တောင်ယာတဲတစ်လုံးအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,ဝ၀ဝ ၊ အမိုနီယမ်ကလိုရိုဒ် ၈ ဒသမ ၅ ကီလို၊ မက်သနော ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်။

    
ထို့အတူ သြဂုတ် ၈ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရောက်ချန်းဆန်း မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ဘိန်းစိမ်း ၁၂ ဒ ၇၂ ကီလို၊ မြန်မာငွေကျပ် ၁၈၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ATM ကတ် ၃ ခု တို့ကိုလည်းကောင်း၊ ထို့အတူ ညနေ ၇ နာရီခန့်တွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မဘိမ်း-ပင်ကြိမ်ကျေးရွာလမ်းအနီးတွင် မအဲမီးကြီး (ခ)ချိုချိုသောင်း မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


MDN