ကိုလင်း

ရုပ်သံဇာတ်လမ်းတွဲများဖြင့် နာမည်ရလာကာ အများအားဖြင့် ခပ်ကြမ်းကြမ်းအက်ရှင် ကာရိုက်တာမျိုးကို သရုပ်ဆောင်လေ့ရှိသူ လူငယ်သရုပ်ဆောင် တိုင်ရွန်က ပရိသတ် အာရုံစိုက်အောင် မလုပ်ချင်ဘဲ အနုပညာအလုပ်များကိုသာ ကြိုးစားပြီးလုပ်နေကြောင်း ပြောကြားသည်။

“ပရိသတ်တွေ သိပ်မကြိုက်တဲ့ အချက်တွေကို ကျွန်တော် သတိထားပြီးနေတယ်။ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံရအောင် လုပ်တာမျိုးတွေလည်း ကျွန်တော်မလုပ်ချင်ဘူး။ ကျွန်တော့် အနုပညာအလုပ်ကို သေချာကြိုးစားပြီး အလုပ်တွေပဲ ပိုလုပ်ဖြစ်တယ်။ အနုပညာအလုပ်တွေ မလုပ်ဘဲ ပရိသတ်တွေ အာရုံစိုက်ဖို့ပဲ လုပ်နေတဲ့သူလို့ ကျွန်တော် အပြောမခံချင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ပရိသတ်တွေ မျက်စိနောက်အောင် သိပ်မနေတော့ပါဘူး။ ဒီနှစ်ထဲမှာ ကျွန်တော့်ဇာတ်ကားလေးတွေ ထပ်ပြီး ထွက်လာဖို့လည်း ရှိပါတယ်၊ ရှေ့ဆက်ပြီးလည်း အများကြီး ကျွန်တော်ကြိုးစားနေပါတယ်”ဟု တိုင်ရွန်က ပြောသည်။

တိုင်ရွန်အနေဖြင့် သြဂုတ် ၈ ရက်က စတင်ရုံတင်နေသည့် ပုရိသဟာသရုပ်ရှင် ဇာတ်ကားတွင်လည်း နေခြည်ဦး၏ခင်ပွန်းအဖြစ် ခပ်ကြမ်းကြမ်း ဇာတ်ကောင်စရိုက်ဖြင့်ပင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“ကျွန်တော့်အတွက် ဒီဇာတ်ကားလေးက မျှော်လင့်နေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ဟာသဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ကျွန်တော့် ကာရိုက်တာက နေခြည်ဦးရဲ့ အမျိုးသားနေရာဖြစ်ပြီး အရက်မသောက်ရင် ကောင်းတယ်၊ အရက်သောက်ရင် အလွန်ဆိုးတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားလေးက ဟာသဇာတ်ကားတွေကြိုက်တဲ့ ပရိသတ်တွေအတွက် အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ နေရာမှာ ကျွန်တော်မလုပ်ချင်ဆုံးအရာက နောက်ကသီချင်းဖွင့်ပြီး ကရတာပါပဲ။ ကျန်တဲ့ အိုက်တင်တွေကို မတတ်ရင်သင်မယ်။ ကြောက်လည်းမကြောက်ပါဘူး။ အဲဒီအိုက်တင်ကိုတော့ မလုပ်ချင်ဘူး။ အဲဒီလိုကာရိုက်တာက လုပ်ရတာ နည်းနည်းလည်း ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာဆိုရင် နေပူထဲမှာ သီချင်းတစ်ပုဒ်လုံးပြီးအောင် ကရတယ်။ အဲဒါက ကျွန်တော့်အတွက် ပင်ပန်းတယ်။ ခက်လည်းခက်ခဲပါတယ်။ အဲဒီလို ကရတာကလည်း ကျွန်တော့်အတွက် ပထမဆုံးပါပဲ။ ကျွန်တော် နောက်ထပ် ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ပဲ ဟာသဇာတ်ကားလေး တစ်ကား ထပ်ရိုက်နေပါတယ်”ဟု တိုင်ရွန်က ဆက်ပြောပြသည်။