ကျိုက်မရော ၁၀ သြဂုတ်
ကျိုက်မရောတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေ စိုး ရိမ်ရေမှတ်သို့ မြင့်တက်လာသဖြင့် ကျေးရွာပေါင်း(၁၂)ရွာနှင့် ရပ်ကွက် ၄ ခုတို့ ရေကြီးနစ်မြုပ်ခဲ့ရာ သြဂုတ် ၉ ရက် ညနေက ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄ ခု ဖွင့်လှစ်ပေးခဲ့ရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေး စခန်း ၄ ခုတွင် ရေဘေးရှောင်ပြည်သူပေါင်း (၁၀၆၂)ဦး ရှိပြီး ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများမှာ မိမိတို့ရွာနှင့်နီးစပ်သော ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီမှစ၍ မြစ်ရေဆက်လက်တိုးလာသဖြင့် ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုရားကြီးရှေ့တွင် လှေဆိပ်ဖွင့်လှစ်ထားပေးပြီး တစ်နေရာမှတစ်နေရာသို့ လှေဖြင့်သွားလာနေကြသည်ကို တွေ့ရသည်။ သြဂုတ် ၁၀ ရက်ထိ ကျိုက်မရောမြို့နယ်တွင် ကျေးရွာပေါင်း(၁၂)ရွာ ရေကြီးနစ်မြုပ်၍ အိမ်ထောင်စုပေါင်း(၄၇၂၆)စုနှင့် လူဦးရေစုစုပေါင်း(၂၅၈၈၅)ဦးတို့ ရေဘေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


