ဘားအံ ၁၀ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း(၁၂)ခု ဖွင့်လှစ်ထားရာ သြဂုတ်လ(၁၀) ရက်နေ့၊ နံနက်(၇)နာရီခွဲအချိန်က Cyclone Shelter ရေဘေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အာဟာရဖြစ်ကြက်သားဆန်ပြုတ်ကို နံနက်စာသွားရောက် ကျွေးမွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ကျွေးရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာနှင့် တာဝန်ရှိသူများက Cyclone Shelter ရေဘေးစခန်းရှိ အိမ်ထောင်စု (၉၅)စု၊ လူဦးရေ (၄၄၄) ဦးအား အာဟာရဖြစ် ကြက်သားဆန်ပြုတ်ကို တိုက်ကျွေးပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်အတွင်း မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များနှင့် အချို့ကျေးရွာများတွင် သြဂုတ်လ(၆)ရက်နေ့မှ စတင်ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့ပေါ်တွင် ယာယီရေဘေးစခန်း(၁၂)ခု ယနေ့ထိဖွင့်လှစ်ထားကာ ရေအနည်းငယ် ပြန်လည်ကျသွားသဖြင့် အိမ်ထောင်စုများ လျော့သွားခဲ့ကြောင်း ရေဘေးစခန်းတာဝန်ရှိသူများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


