စစ်ကိုင်း ၁၀ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွက် သန့်ရှင်းသာယာလှပသောမြို့အဖြစ် စစ်ကိုင်းမြို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွေးချယ်ထားကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။
ထို့သို့ ရွေးချယ်ထားသည့်အတွက် သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ဆာင်နိုင်ရန်အတွက် သြဂုတ်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးခန်းတွင် စစ်ကိုင်းမြို့ မြို့မိ မြိုဖ အဖွဲ့၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ အကြံဉာဏ်များ တောင်းခံခြင်း စစ်ကိုင်းမြို့ အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် ကပြောသည်။
''မနေ့က တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြပြီး စစ်ကိုင်းတိုင်းထဲမှ စစ်ကိုင်းမြို့ကို သန့်ရှင်းသာယာလှပဆုံးမြို့အဖြစ် ရွေးချယ်လိုက်တာ၊ သန့်ရှင်းသာယာလှပရေးအတွက် လုပ်လို့ရွေးချယ်တာ မဟုတ်ဘူး၊ အဲလိုလုပ်ဖို့ ရွေးချယ်ထားတာ၊ ကျွန်တော်တို့က လုပ်ပြရမှာပေါ့။ ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အဲအတွက်ကြောင့် စစ်ကိုင်းမြို့မှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ မြို့နေပြည်သူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီခေါင်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာပါ "၎င်းက ပြောသည်။
စစ်ကိုင်းမြို့အား သန့်ရှင်းသာယာလှပသော မြို့အဖြစ် တိုင်းအစိုးရအဖွဲ့မှ ရွေးချယ်ထားသည့်အတွက် ရပ်ကွက်အလိုက် လူမှုရေးအသင်းအဖွဲ့အစည်းများ NGO အဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများဖြင့် အမှိုက်ကောက်ကမ်ပိန်းပြုလုပ်ခြင်း၊ လိုအပ်သည့်နေရာများတွင် အမှိုက်စုကန် ချထားပေးခြင်း၊ အမှိုက်သိမ်းစနစ်ပြုလုပ်ပေးခြင်း စသည့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စစ်ကိုင်းမြို့နေ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။
ခိုင်ဇေယျ


