နေပြည်တော် ၁၀ သြဂုတ် 

ELCM စီမံကိန်းဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ELCM စီမံကိန်းတွင်ပါရှိသည့် လုပ်ငန်းစဉ်များသည် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ELCM စီမံကိန်းသည် သာမာန်အလုပ်ရုံ ဆွေးနွေးပွဲများ စီစဉ်ကျင်းပသည့်ပုံစံများမှ ခွဲထွက်ပြီး ဝေးလံသည့် နယ်စပ်မြို့များသို့ အရောက်သွား၍ စီစဉ်ကျင်းပသည့်အတွက် အလွန်ကောင်းမွန်သော စီစဉ်မှုပုံစံဖြစ်ပါကြောင်း၊  ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဦးဆောင်မှုနှင့် သက်ဆိုင်သည့် အခက်အခဲများနှင့် စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်အတူ လက်တွေ့ကျကျ စဉ်းစားတင်ပြထားသည်ကို တွေ့ရပါကြောင်း၊ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်လာရေး ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ Comprehensive & Autonomous တက္ကသိုလ်စနစ်တွင် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်များ၏ ပညာရေးနှင့် စီမံခန့်ခွဲမှုစနစ်ကို လေ့လာခြင်းသည် ယနေ့မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုများတွင် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမေရိကန် ပညာတော်သင် မြန်မာနိုင်ငံသား လူငယ်များက ဦးဆောင်ပြီး အမေရိကန်နိုင်ငံ၏ ပညာရေးစနစ် နှင့်ပတ်သက်သော အကြောင်းအရာ၊ အယူအဆနှင့် အတွေးအခေါ်များကို မိမိတို့ ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ကြခြင်းသည် လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များထူထောင်ရေးအတွက် အထောက်အကူပြုသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young က အမှာစကား ပြောကြားသည်။

ယင်းနောက် Nothern Illnois University ဥက္ကဋ္ဌ Dr.Lisa Freeman ၏ သဝဏ်လွှာကို ELCM စီမံကိန်းဒါရိုက်တာ ဦးရဲပြည့်သူက ဖတ်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က ထူးချွန်ဆရာဆရာမများ၊ စီမံကိန်းတွင် ပါဝင်ကူညီသူများနှင့် အလှူရှင်များကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

ELCM စီမံကိန်းမှ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်စီစစ်ရေးဆိုင်ရာ တွဲဖက်ဒါရိုက်တာ ဦးထွန်းအောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲရလဒ်နှင့် စစ်တမ်းကောက်ယူမှု အစီရင်ခံစာကို ရှင်းလင်းတင်ပြပြီး ELCM စီမံကိန်းမှ ဒါရိုက်တာ ဦးအာကာကျော်က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ELCM စီမံကိန်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန အမေရိကန်အစိုးရ ပညာတော်သင်ပြန် မြန်မာများနှင့် Taxila Institute တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း ဘားအံ၊ လွိုင်ကော်၊ ကလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ ပင်လုံ စသော မြန်မာနိုင်ငံ နယ်စပ်မြို့ (၆)မြို့ရှိ တက္ကသိုလ်(၁၈)ခုမှ ဆရာဆရာမ (၂၁၆)ဦးအား ပညာရေးခေါင်းဆောင်မှုနှင့် စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်များမြှင့်တင် သင်ကြားပေးသော စီမံကိန်းဖြစ်သည်။ ELCM စီမံကိန်း၏ ဒုတိယအဆင့်သည့် ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သော ဆရာဆရာမ(၃၆)ဦးအနက် တက္ကသိုလ်တစ်ခုလျှင် စွမ်းဆောင်ရည် ရမှတ်အများဆုံးရရှိခဲ့သော ဆရာဆရာမများအား ရွေးချယ်ကာ အင်းလေးဒေသတွင် ဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲကို (၂)ရက်တာ ကျင်းပခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တောင်ကြီးတက္ကသိုလ်၌ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီတို့က စီစဉ်ကျင်းပသည့် ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ Effective Leadership in higher Education ခေါင်းစဉ်ဖြင့် ဟောပြောသည့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။ 

သတင်းစဉ်