ရန်ကုန် ၁၀ သြဂုတ်


ရန်ကုန်ကလျာဏယုဝ ခရစ်ယာန်အသင်း(YMCA)က ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ပဉ္စသိင်္ခခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဦးနော နှစ်ချင်းလူငယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရန်ကုန်ကလျာဏယုဝ ခရစ်ယာန်အသင်း(YMCA) ဥက္ကဋ္ဌ ဒေါက်တာတင်လှနှင့် တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)မေစိုးတို့က အမှာစကား ပြောကြားကြသည်။


ထို့နောက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့မှ လူငယ်များက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဆွေးနွေးဟောပြောကြပြီး နော်မူးခိုဖောက လူငယ်နှင့် ဖွံ့ဖြိုးမှု၊ ဦးရာဂူနေမြင့်က ကျောင်းပြင်ပ ပညာရေးနှင့် ကိုယ်ပိုင်သင်ယူပညာရေး အကြောင်းတို့ကို ဆွေးနွေးကြကာ စောဒေးဗစ်က နိဂုံးချုပ်စကား ပြောကြားသည်။


အခမ်းအနား ကျင်းပရခြင်း နှင့်စပ်လျဉ်းပြီး ရန်ကုန်ကလျာဏယုဝ ခရစ်ယာန်အသင်း (YMCA) ဒုတိယဥက္ကဋ္ဌ ဒေါက်တာသာဉာဏ်က “ဒီနေ့အခမ်းအနားက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက်  ဟောပြောပွဲ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ဘာလုပ်ဖို့ရှိလဲ၊ လူငယ်တွေအတွက် ဘာလုပ်ပေးရမလဲ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ရဲ့ “လူငယ်ထုကြီး ပါဝင်ကာ ပညာရေးစနစ် ပြောင်းလဲပါ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမယ်။ ယနေ့ ပြောင်းလဲလာတဲ့ခေတ်မှာ လူငယ်တွေ ပြောင်းလဲလာဖို့ အဆင်သင့်ဖြစ်ရုံမက လူငယ်တွေကိုယ်တိုင် ပါဝင်ရောယှက်ပြီး အကြံဉာဏ်ပေးနိုင်ဖို့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူငယ်အဖွဲ့ အစည်းများက လူငယ်နှင့်ဆိုင်သော အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


သတင်း - ဥမ္မာသန့်၊ ဓာတ်ပုံ - လှမိုး