မန္တလေး ၁၀ ဩဂုတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရာတွင် ဗဟုသုတနှင့် ပြည့်စုံပြီး အရည်အချင်းပြည့်ဝသည့် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို မှန်ကန်စွာဆန္ဒမဲပေး ရွေးချယ်ခြင်းဖြင့် ဒီမိုကရေစီဖြစ်စဉ်များတွင် လူငယ်များ ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေးဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက်(၁၈)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်လူငယ် အရေအတွက်သည် (၅) သန်းခန့် ရှိလာနိုင်သည့်အတွက် ရွေးကောက်ပွဲရလဒ်များအပေါ် လွှမ်းမိုးမှုရှိလာနိုင်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လူငယ်များ ပိုမိုပါဝင်လာရေး၊ မှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် လူငယ်အဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အဓိကအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်းကို ပထမအကြိမ်မဲပေးမည့် လူငယ်များကို သိစေချင်ပါကြောင်း၊ မကြာမီကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆိုရှယ်မီဒီယာအသုံးပြုပြီး အမုန်းစကားနှင့် တိုက်ခိုက်မှုများ၊ မမှန်ကန်သည့် သတင်းထုတ်လွှင့်မှုများရှိခဲ့ပါက ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်သည့်အတွက် ဝိုင်းဝန်းတားမြစ်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်အဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက ရွေးကောက်ပွဲများတွင် လူငယ်များပါဝင်မှု အခန်းကဏ္ဍမြှင့်တင်နိုင်ရေး “လူငယ်များအတွက် အသိပညာ” ခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးခြင်း၊ “သင့်အသံ၊ သင့်မဲ၊ သင့်အနာဂတ်” စီမံကိန်းဗီဒီယို မှတ်တမ်းပြသခြင်း၊ “မဲစာရင်းပြုစုခြင်းအတွက် မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ပြဇာတ်သရုပ်ဖော်တင်ဆက်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် စပ်လျဉ်းသော ပိုစတာပြိုင်ပွဲကျင်းပခြင်း စသည့် အစီအစဉ်များကို ဆက်လက်ကျင်းပကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာ လူငယ်များပါဝင်မှု မြှင့်တင်ရန်နှင့် ဗဟုသုတများ တိုးပွားဖလှယ်နိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ခင်းကျင်းပြသထားသည့် သတင်းအချက်အလက်များနှင့် အရင်းအမြစ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ IFES မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လူငယ်ကွန်ရက်အဖွဲ့များမှ တာဝန်ရှိသူများ၊ ပထမအကြိမ်မဲပေးမည့် လူငယ်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


