မတ္တရာ ၁၀ သြဂုတ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကြီးကျေးရွာရှိ တောင်ပြုံးဆုတောင်းပြည့်၊ ဆုတောင်းရမြတ်စွာဘုရား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်းပြုံး မင်းနှစ်ပါးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ဘုရားပြည်သူများ၊ ရိုးရာနတ် ပူဇော်ပသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ဘုရားဖူးပရိသတ်များ၊ မင်းနှစ်ပါး ဆက်သသူများဖြင့် စည်းကားလျက်ရှိသည်။ “ဒီနှစ်က မနှစ်ကထက် ပိုစည်ပါတယ်။ ဈေးလည်းရောင်းကောင်းပါတယ်ဟု” ဘုရားစောင်းတန်းတွင် နှစ်စဉ်ပုဝါများ လာရောက်ရောင်းချသူတစ်ဦးမှ ပြောသည်။ ဆုတောင်းပြည့် ဆုတောင်းရမြတ်စွာဘုရားရှိ အလှူခံဌာနနှင့် အလှူခံပုံးများတွင် ယနေ့အထိ အလှူခံရငွေပေါင်း ကျပ် ၄၂၉၉၀၇၀ဝ ရရှိပြီဖြစ်ကြောင်း သိရသည်။
တောင်ပြုံးပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မတ္တရာမြို့နယ်မှ ဌာနဆိုင်ရာများဖြင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ပွဲတော်အတွင်း၌ ပွဲတော်လာပြည်သူများ အေးချမ်းစွာ သွားလာလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် မီးသတ်စခန်းများ စသည့်ဖြင့် လုပ်ငန်းကော်မတီအလိုက် ပွဲတော်ကာလအတွင်း တာဝန်များချထားကြောင်း သိရသည်။
ဦးစိုးကျော်သူထွေး (မတ္တရာ ပြန်/ဆက် )


