ညောင်ဦး ၁၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံလမ်းအထွက် ချောင်းမကြီးချောင်းရေကျနေပြီး ကားစီးရေ (၇၀ဝ)ကျော် ပိတ်မိနေကြောင်း သိရသည်။
အဆိုပါ ချောင်းမကြီးချောင်းရေကျနေသောကြောင့် ပခုက္ကူမြို့မှ ရန်ကုန်၊ မကွေး၊ တောင်တွင်း၊ ရေနံချောင်း၊ ချောက်သို့ထွက်လာသည့် ခရီးသည်တင်ကားကြီးများ၊ ကုန်တင်ကားကြီးများနှင့် ပုဂံသို့ ဘုရားဖူးလာရောက်ကြသည့် မော်တော်ကားများ၊ ကိုယ်ပိုင်ကားများ၊ မော်တော်ဆိုင်ကယ်များ တစ်ဘက်လျှင် အစီးရေ ၃၅၀ ခန့်ပိတ်မိနေကြောင်း ညောင်ဦးမြို့နေ ဦးမျိုးမင်းကိုထံမှ သိရသည်။
အဆိုပါနေရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ချောင်းရေနည်းပါးချိန် ဖြတ်သန်းကူးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နှစ်ဘက်မော်တော်ကားများ သူ့ထက်ငါဦး အတင်းတိုးကြိတ်မောင်းနှင်ကြရာမှ အချိန်မကြန့်ကြာသင့်ပဲ ကြာခဲ့ရကြောင်း ဆယ့်နှစ်ဘီးယာဉ်မောင်းနှင်သည့် ကျောက်ပန်းတောင်းမြို့နေ ဦးမောင်ဦးက ပြောပြသည်။
အဆိုပါချောင်းအတွင်း သဲတင်နေသည့် ဖောကားတစ်စီးလည်း ချောင်းအတွင်း နစ်မြုပ်ခဲ့ပြီး ချောင်းရေကျလာချိန်တွင် လူများကိုယ်လွတ်ရုန်းခဲ့ရကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


