ကျိုင်းတုံ ၁၀ သြဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကောင်းကန်ရွာ၌ အာခါတိုင်းရင်းသားတို့၏ရိုးရာ ဒန်းစီးပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီကကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ အာခါတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးအားဗေလနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီး အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအတွက် ချီးမြှင့်ငွေများပေးအပ်ရာ အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညိုက လက်ခံရယူသည်။ ယင်းနောက် အာခါတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးအားဗေလက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညိုက အာခါတိုင်းရင်းသား လူမျိုးများ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ ဒန်းဦးတပ်ဆင်ပေးသောအဖွဲ့အား အာခါတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အာခါရိုးရာထုံးတမ်းစဉ်လာအရ ဂုဏ်ပြုပေးကြသည်။
ဆက်လက်၍ အာခါတိုင်းရင်းသားလူမျိုးများ၏ရိုးရာ ဒန်းစီးပွဲတော်အား တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အာခါတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးမင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့မှ ဦးဆောင်၍ ဒန်းတော်အားစီးနင်း မင်္ဂလာပေးကြသည်။ ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဝန်ကြီးနှင့် ပွဲတော်သို့ တက်ရောက်လာသူများက အာခါတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုပြဘုတ်၊ ပြခန်းနှင့် ရိုးရာပစ္စည်းများအား လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)