စစ်တွေ  ၁၀ သြဂုတ် 
    

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရခိုင်ပြည်နယ် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စစ်တွေဇုန်အဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ ဓညဝတီဘောလုံးကွင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်အားပေးသည်။
    

ဗိုလ်လုပွဲစဉ်အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိကြသည့် စစ်တွေတက္ကသိုလ် အမျိုးသားဘောလုံးအသင်းနှင့် စစ်တွေတက္ကသိုလ်အမျိုးသမီး ဘောလုံးအသင်းတို့အား တံခွန်စိုက်ဆုဖလား များချီးမြှင့်ပေးအပ်သည်။
    

ထို့ပြင် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ပထမဆုရရှိကြသည့် စစ်တွေတက္ကသိုလ် အမျိုးသားဘောလုံး အသင်းနှင့် စစ်တွေတက္ကသိုလ် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိကြသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အမျိုးသားဘောလုံးအသင်းနှင့် နည်းပညာတက္ကသိုလ် (စစ်တွေ)အမျိုးသမီးဘောလုံးအသင်းတို့မှ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမား များအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေများကို ပေးအပ်ခဲ့သည်။
    

အမျိုးသားဘောလုံးပြိုင်ပွဲတွင် စစ်တွေတက္ကသိုလ်အသင်း၊ နည်းပညာတက္က သိုလ်(စစ်တွေ)အသင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)အသင်းနှင့် တောင်ကုတ်ဒီဂရီ ကောလိပ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် စစ်တွေတက္ကသိုလ်အသင်း၊ နည်းပညာတက္ကသိုလ်(စစ်တွေ)အသင်းနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။


အလင်းသစ်၊ လူကျော်

 

 

1