ဘားအံ ၁၀ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီးနစ်မြုပ်နေမှုများအား စားရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ကူညီဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၉ ရက်၊ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်မြတ်မိုး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ရေဘေးသင့် ကျေးရွာများဖြစ်သော ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စု၊ ဘုရားကုန်း၊ သပြေကုန်း၊ သရက်ကုန်း ကျေးရွာများရှိ ရေဘေးသင့် မိသားစုဝင်များအား ဘုရားကုန်း (ငြိမ်းချမ်းရေး) ရွာရှိ ငြိမ်းအေးသာယာ ဘေးမဲ့တောရဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံ၍ ဆန်နှင့် စားရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဦးစွာဘုရားကုန်း (ငြိမ်းချမ်းရေး) ရွာရှိ ငြိမ်းအေးသာယာ ဘေးမဲ့တောရကျောင်း ဆရာတော် ဦးကုမာရအား ဖူးမြော်ကြည်ညိုကာ ဆန်အိတ်(၅)အိတ်၊ ငါးသေတ္တာဖာနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ရေဘေးသင့်ကျေးရွာများဖြစ်သော ဘုရားကုန်း ကျေးရွာရှိ အိမ်ထောင်စု (၆၇) စု၊ သပြေကုန်းကျေးရွာရှိ အိမ်ထောင်စု (၆၂) စု၊ သရက်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၁၀) စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် (၅) ပြည်နှုန်းဆီနှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA၊ Daimatsu., coltd တို့ပူးပေါင်း၍ ပိုးချည်ငင် လက်ယက်ကန်း ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြင့် ပိုးချည်မျှင် ထုတ်လုပ်နေသည့် ဘားအံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ လေ့ကျင့်ရေးနှင့် သုတေသနခြံ (ကမော့ကပိုခြံ) ပိုးစာစိုက်ခင်းအားသွားရောက်ကာ Pipe House ပိုးမွေးမြူထားမှု အခြေအနေများ၊ ပိုးစာရွက်ကျွေးရန် ပြင်ဆင်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


