စစ်ကိုင်း ၁၀ သြဂုတ်

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ ရှေးဟောင်းမဟာနန္ဒာ ကန်တော်ကြီးပတ်လည်တွင် အများပြည်သူ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ အနားယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။ 

ရှေးဟောင်း မဟာနန္ဒာကန်တော်ကြီးမှာ နှစ်ကာလ ကြာမြင့်လာသည့်နှင့်အမျှ ကန်အတွင်း အမှိုက်များ ကျရောက်ကာ တိမ်ကောလာသည့်အတွက် ၂၀၁၈ - ၂၁၀၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးစီးခဲ့ပြီဖြစ်၍ ယခုအခါတွင် အများပြည်သူ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေအနားယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

“ကန်ကလည်း ရှေးဟောင်းကန် တစ်ကန်လည်းဖြစ်တယ်။ အနီးနားမှာလည်း အခြေခံကျောင်းတွေ ရှိနေတော့ ကျောင်းသူ၊ ကျောင်းသားတွေလာပြီး အပန်းဖြေလို့ရအောင် မြို့နေပြည်သူလူထုတွေလည်း လာပြီးတော့ အနားယူအပန်းဖြေနိုင်အောင် သာယာလှပရေးလုပ်ငန်းတွေ၊ ကန်ပတ်လမ်းကို ကွန်ကရစ်ခင်းကျင်းတာတွေ၊ ကျန်းမာရေးအားကစားပစ္စည်းတွေ၊ ထိုင်ခုံလေးတွေ ထားရှိဆောင်ရွက်ပေးသွားမယ်”ဟု ၎င်းကပြောသည်။

ရှေးဟောင်း မဟာနန္ဒာကန်တော်ကြီးပတ်လည် သန့်ရှင်းသာယာလှပရေး၊ အများပြည်သူ အပန်းဖြေ အနားယူနိုင်စေရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ရန် သြဂုတ် ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသွားကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ မဟာနန္ဒာကန်တော်မှာ နှစ်သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝ ကျော် ရှိပြီးဖြစ်ကြောင်း၊ ၎င်းကန်ကြီးမှာ ပိုးတန်းရပ်ကွက် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် အဓိက အားထားရသော မိုးရေစုကန်ကြီး ဖြစ်ကြောင်း၊ ရှေးဟောင်း မဟာနန္ဒာကန်တော်ကြီးမှာ အကျယ်အဝန်းအားဖြင့် ပေ ၁၀ဝ ပတ်လည်ရှိပြီး အနက် ပေအနေဖြင့် ၆ ပေရှိခဲ့ကြောင်းနှင့်  ကန်တော်ကြီး သာယာလှပရေးအတွက် နှစ်အလိုက် ဘတ်ဂျတ်တင်တောင်း၍ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရသည်။

ခိုင်ဇေယျ(075)