၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း သုံးပွဲဆက်အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် သုံးပွဲဆက် အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။ မြန်မာအသင်းသည် နိုင်ပွဲဆက်ခဲ့သော်လည်း တီမောအသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ 

မြန်မာ ယူ-၁၈ အသင်းသည် ယခုပွဲတွင်လည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး တီမောအသင်းကို ရင်ဆိုင်ခဲ့သည်။ တီမောအသင်းမှာလည်း နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ယခုပွဲတွင် အမှတ်ရရန် ကြိုးပမ်းခဲ့သည်။ တီမောအသင်း၏ ရုန်းကန်မှုကြောင့် မြန်မာအသင်း အားကုန်ထုတ်ကစားခဲ့ရသလို ဂိုးသွင်းခွင့်များ အသုံးမချနိုင်သောကြောင့် ဒုတိယပိုင်းမှ အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့ပြီး ၇၁ မိနစ်တွင် အနိုင်ဂိုးရခဲ့သည်။ ယင်းဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် ပြန်လျှံထွက်လာသော ဘောလုံးကို လူစားဝင်ကစားသမား မိုးဆွေက သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး  ဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သောကြောင့် မြန်မာအသင်းက မိုးဆွေ သွင်းယူသည့်တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အုပ်စု (က) အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက ဘရူနိုင်းအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (က) ၌ မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့က သုံးပွဲစလုံး အနိုင်ရကာ ကိုးမှတ်စီဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်းနေသည်။ မြန်မာအသင်းသည် အုပ်စုစတုတ္ထပွဲအဖြစ် သြဂုတ် ၁၂ ရက်တွင် ဘရူနိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF