ခုချိန်မှာ အသည်းရောင် စီပိုးရှိတဲ့သူတွေအတွက် အရင်ကထက် ဆေးဝါးကုသမှုတွေ ရွေးချယ်စရာပိုများ လာတယ်ဆိုပေမယ့် ကုသမှုကတော့ အချိန်ယူရဆဲပါပဲ။ ဆေးဝါးအမျိုးအစားကို မူတည်ပြီး ကုထုံးတစ်ခုရဲ့ ကြာချိန်က ၈ ပတ်ကနေ ၂၄ ပတ်အထိ ရှိတတ်ပါတယ်။

နေပြန်ကောင်းလာဖို့ကို အဓိကထားပြီး သည်းခံတာတောင် တချို့မှာ ကုထုံးဒဏ်အတော်ခံရပါတယ်။ ဆေးဝါးတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပေမယ့် ဒါတွေကို ကာကွယ်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ သက်သက် သာသာ ကျော်လွန်နိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်ထားလို့ ရပါတယ်။ အသည်းရောင်ရောဂါ ရှိတဲ့သူတွေအတွက် ဘယ်လိုနေထိုင် စားသောက်သင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။

(၁) အနားယူချိန် အလုံအလောက်ပေးပါ
အသည်းရောင်စီရောဂါ ကုထုံးတွေရဲ့ အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးကတော့ မောပန်းအားကုန်တာပဲ ဖြစ်ပါတယ်။ ဖြစ်နိုုင်ရင် အလုပ်တွေလျှော့ပြီး အနားယူချိန်ပိုပေးပါ။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး လိုက်နာတာက ညအိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ညနောက် ကျချိန်မှာ ကော်ဖီ၊လက်ဖက်ရည်၊ ကဖင်းတွေမသောက်ဖို့ သတိထားပါ။ ဖုန်းလည်း သိပ်မကြည့်ပါနဲ့။ အိပ်ရေး ပျက်ခဲ့ရင် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။

(၂) ကျန်းမာအားပြည့်အောင် စားပါ
အသည်းရောင်စီပိုးရှိတာ သိပြီးတာနဲ့ အသည်းကို အားဖြည့်ဖို့လိုနေပါပြီ။ ကျန်းမာရေးနဲ့ညီပြီး အာဟာရပြည့်တဲ့ အစားအသောက်တွေက အသည်းကို ဝန်ပိခြင်းလျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

ညီညွတ်မျှတတဲ့ အာဟာရပြည့် စားသောက်မှုပုံစံဆိုတာ ကာဗိုဟိုက်ဒရိတ်မျိုးစုံ၊ ပရိုတင်းတွေရယ်၊ အစေ့အဆန်တွေလိုမျိုး အကျိုးပြု အဆီဓာတ်အရင်းအမြစ်တွေ ပါဝင်ရမယ်။ နေ့စဉ်အာဟာရမှာ အသီးအနှံနဲ့ အသီးအရွက်တွေကို မပါမဖြစ် ထည့်သွင်းပါ။ မအီမသာဖြစ်တာ၊ ခံတွင်းပျက်တာတွေဖြစ်နေရင် အစားကို နည်းနည်းချင်း အကြိမ်ရေခွဲစားပါ။

ကိုယ့်မှာ အသည်းလုပ်ဆောင်ချက်ပျက်ယွင်းတာ ဒါမှမဟုတ် အသည်းခြောက်တာဖြစ်နေပြီဆိုရင် ပရိုတင်းနဲ့ အငန်စားတာသိပ်များတဲ့အခါ အသည်းကိုထိခိုက်စေတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် ဘယ်အစားအစာအုပ်စုကိုမှ အလွန်အကျွံမစားဖို့ သတိထားသင့်ပါတယ်။

(၃) ချိုလွန်းတာ၊ စပ်လွန်းတာတွေ ရှောင်ပါ
အချိုစာတွေနဲ့ အစပ်တွေကြောင့် မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်စေနိုင် ပါတယ်။ အသည်းရောင်စီပိုး ဆေးဝါးတွေ သောက်သုံးနေရသူအများစုမှာ အစာအိမ်နဲ့ အစာခြေစနစ် ပြဿနာ တွေ ပိုဖြစ်လွယ်ပါတယ်။ ကုသမှုကာလအတွင်း အရသာပြင်းတဲ့ အစားအစာတွေကို မစားပါနဲ့။

(၄) အရက်၊ ဘီယာရှောင်ပါ
အသည်းကို အားဖြည့်ဖို့အတွက်ဆို အရက်ကိုရှောင်သင့်ပါတယ်။ အရက်ကြောင့် အသည်းရောဂါကို ပိုပြီးမြန်မြန် ဆိုးရွားစေနိုင်ပါတယ်။ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အယ်လ်ကိုဟောပါဝင်သမျှ သောက်စရာတွေ အကုန်လုံး အကျုံးဝင်ပါတယ်နော်။

(၅) ဖြည့်စွက်အားဆေးတွေ မသောက်ပါနဲ့
ဖြည့်စွက်အားဆေးတိုင်း မတည့်တာမဟုတ်ပေမယ့် တချို့တလေကြောင့် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်မှာ အသည်းရောင်စီပိုးရှိတယ်ဆိုရင် သံဓာတ်အားဆေး၊ ဗီတာမင်အေ အားဆေးတို့နဲ့ သဘာဝ အရင်းအမြစ်တွေကနေ ထုတ်လုပ်တဲ့ ဖြည့်စွက်အားဆေးတွေကို ရှောင်ပါ။

(၆) ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စေပါတယ်။ အသည်းရောင်စီပိုး ရှိတဲ့သူတွေ ဟာ ဆီးချိုဖြစ်လာနိုင်ခြေ ပိုများတယ်လို့ အမေရိကန် အသည်းရောဂါဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းက ဒီအန္တရာယ် လျော့နည်းစေနိုင်ပါတယ်။

(၇) ရေသောက်ပါ
ရေများများသောက်ပါ။ အထူးသဖြင့် အသည်းရောင်စီရောဂါကုထုံး ခံယူနေတဲ့အချိန် ပိုအရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝနေရင် အသားခြောက်တာ၊ အာခေါင်ခြောက်တာတွေလို ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေတော့ ဘူးပေါ့။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win