ပဲခူး ၁၁ သြဂုတ်
ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဌာနေ တိုင်းရင်းသားများကွန်ရက်၊ ပွိုင့်-ရိုးရာ ဝန်းကျင်မြှင့်တင်ရေးအဖွဲ့နှင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေး အသင်းတို့မှကြီးမှူးပြီး ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးခွန်မိုးမြတ်၊ ပဲခူးတိုင်း ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်တို့နှင့် တိုင်းရင်းသားများက အပြန်အလှန် မိတ်ဆက်ကြကာ ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်များက ဌာနေတိုင်းရင်းသားများ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြခြင်း၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ကြသည်။
အဆိုပါ အခမ်းအနားအား ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ဓလေ့ထုံးတမ်း အစဉ်အလာကို နိုင်ငံတော်က အလေးထားလာစေရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ချင်း၊ ရှမ်း၊ ကယား၊ မွန်၊ ပအိုဝ့် တိုင်းရင်းသားများအပြင် ရှမ်း၊ ချင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဌာနေတိုင်းရင်းသားများ (၃၅၀)ခန့် တက်ရောက်ကာ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများ ကွန်ရက်အကြောင်း၊ ဌာနေတိုင်းရင်းသားများအကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ အကြောင်းများ၊ မြေယာ၊ စာပေနှင့် ယဉ်ကျေးမှု၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်များ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရှင်းလင်းမျှဝေ ခဲ့ကြသည်။
ထို့အပြင် လူထုစက်ဘီးစီးနင်းပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း၊ မြဝတီ ဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေး ကားလမ်း Zero Mile မှ စတင်ပြီး ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ မြို့တော် ခန်းမအထိ စုစုပေါင်း စက်ဘီးအစီးရေ (၄၃)စီးကျော်ဖြင့် (၃၂)မိုင်ခရီးအား စီးနင်းကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)