မိုးညှင်း ၁၁ သြဂုတ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့နယ်နှင့်အင်းတော်ကြီးမြို့များတွင် သြဂုတ်လ ၉ ရက်နှင့် ၁၀ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံမှုများဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
မိုးညှင်းမြို့၌ သြဂုတ်လ ၁၀ ရက်နံနက်ပိုင်းတွင် နန့်ရင်းချောင်းရေတိုးလာပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် နားခါရပ်ကွက်၊ စိမ်းရတနာမွန်တောင်၊ စိမ်းရတနာမွန်မြောက်၊ ရေလယ်ကျွန်းရပ်ရှိအနိမ့်ပိုင်းလူနေအိမ်များ အုတ်ကျင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ မြို့မရပ်ကွက်၊ နမီးစုရပ် နတ်ကြီးကုန်းရှမ်းပိုင်း နတ်ကြီကုန်း ဗမာပိုင်းရှိလူနေအိမ်များ၊ အရှေ့စုရပ်ကွက် နောင်စွန်းအောက်ချိုင့်လူနေအိမ်များတွင် ရေဝင်ရောက်ခဲ့သည်။
ထို့အပြင် အုတ်ကျင်းရပ်ကွက် မင်းအနော်ရထာ ရွှေနန်းတော်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် လမ်းပိုင်း၊ ဆွေအင်းလေးကုမ္ပဏီမှ တည်ဆောက်ခဲ့သည့်တံတားချဉ်းကပ်လမ်းများတွင် ချောင်းရေတိုက်စားခဲ့သဖြင့်အကျယ်၁၅ပေ၊ အမြင့်၈ပေခန့်ပြိုကျပျက်စီးခြင်းနှင့် နားခါရပ်ကွက် သာစည်အမကကျောင်းအတွင်း ချောင်းရေဝင်မှုကြောင့် အမြင့် ၅ ပေအလျား ပေ၁၂၀ ရှိအုတ်တံတိုင်းပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
အလားတူ သြဂုတ် ၉ ရက်နှင့် ၁၀ ရက် နံနက်ပိုင်းတွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ၌ CSR ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ကွန်ကရိတာရိုးအမှတ်(၂)နေရာ၏ အလျားပေ(၄၀)ခန့်မြေသားပြိုကျခဲ့ပြီးအမှတ်(၂)ကွန်ကရိတာရိုး၏အနောက်ဘက်တွင် အလျားပေ(၈၀)ခန့်အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သည်။
ထို့အတူ အင်တော်ကြီးမြို့ မမုန်ကိုင်ကျေးရွာအုပ်စုတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဆင်းလာပြီး ခေါင်းတုံးချောင်းရေတိုးမြှင့်တက်လာသဖြင့် ချောင်း၏ဘယ်ဘက် ကွင်းအမှတ် (၃၉၈)တွင်မိုးစပါးစိုက်ဧက၂ဒသမ ၅၀ ခန့်မှာ ချောင်းရေလျှံတက်မှုကြောင့် သဲနုန်းများ ဖုံးလွှမ်းပျက်စီးမှု များရှိခဲ့ကြောင်းသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


