ရန်ကုန် ၁၁ သြဂုတ်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရန်အတွက် outbound လိုင်စင်ရ ခရီးသွားကုမ္ပဏီများ စုစည်းပြီး (၆)ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။
အဆိုပါပြပွဲကို သြဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလလ (၁) ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်တွင် နေ့စဉ် နံနက် (၉) နာရီမှ ည (၆) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းပြပွဲမှတစ်ဆင့် ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍကိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ဒါနဲ့ဆိုရင်ခရီးသွားပြပွဲက ခြောက်ကြိမ်မြောက်ရှိပါပြီ။ ရှေ့မှာကျင်းပခဲ့တဲ့ ပွဲတွေမှာလည်း အလားအလာကောင်းတွေ ရှိခဲ့တယ်။ အဓိက ကိုယ့်နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို Promote လုပ်တာလည်းပါတယ်။ ပြခန်းကို လာရောက် လေ့လာတဲ့သူတွေကိုလည်းခရီးစဉ်သွားရောက်လည်ပတ်ချင်တယ်ဆိုရင် လေယာဉ်လက်မှတ်တွေကအစ ဈေးလျှော့ပေးထားတာတွေပါမယ်။ စသဖြင့်ပေါ့။ ဒီလိုပြပွဲတွေ များများလုပ်နိုင်ရင်ခရီးသွားကဏ္ဍအတွက်အများကြီးအကျိုးရှိပါတယ်။ လက်ရှိမှာလည်း ခရီးသွားဧည့်သည်တွေက ဝင်လာကြပါတယ်။ တရုတ်ကတော့ ပိုဝင်လာတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ယင်းအပြင်ခရီးသွားကဏ္ဍဖွံ့ဖြိုးရန် ရည်ရွယ်၍ အနောက်နိုင်ငံ ခြောက်နိုင်ငံကိုလည်း လာမည့် အောက်တိုဘာ တစ်ရက်မှစ၍ ဗီဇာဖြေလျှော့ပေးထားကြောင်း၊ ခရီးသွား Master Plan အရ ၂၀၂၀ ခုနှစ်အထိ ခရီးသွားဧည့်သည် ၇ သန်းခန့် လာရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်းသို့ လေကြောင်းဖြင့် လာရောက်မှုထက် နယ်စပ်မှ လာရောက်လည်ပတ်သည့် ဧည့်သည်မှာ အများဆုံးဖြစ်ကြောင်း၊ ယင်းအပြင် ခရီးသွားကဏ္ဍအဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာဒေသအသစ်များကိုလည်း ဖော်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။
သူရိန်ကျော်