ရန်ကုန် ၁၁ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏပြင်ဆင်မွမ်းမံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr.Chenhai နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစီးပွားရေးသံမှူး မစ္စတာရှဲကော်ရှန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအားကစားရုံသည် နှစ်ပေါင်း ၃၀ ကျော်ပြီး စက်ပစ္စည်းအဆောက်အဦ အချို့ဆိုင်ရာ အားကစားလေ့ကျင့်မှုနှင့်ပြိုင်ပွဲများ လက်ခံကျင်းပရန်မသင့်လျော်၍ အားကစားရုံကို လိုအပ်တာများပြင်ဆင်ပြီး အဆင့်မြင့်ပြုလုပ်ပေးမည်ဖြစ်တာကြောင့် တရုတ်ပြည်သူ့နိုင်ငံအစိုးရကိုကျေးဇူးတင်ပါကြောင်း အားကစားရုံပြီးစီးသွားပါက ကမ္ဘာ့အဆင့်အတန်းမီ အားကစားရုံကြီးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ယုံကြည်ပါကြောင်း တရုတ်-မြန်မာချစ်ကြည်ရေးဆက်ဆံရေးက ဘယ်လောက်တည်တံ့ခိုင်မြဲတယ်ဆိုတာ ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr.Chenhai တို့က အမှာစကားပြောကြားကြသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ ရှန်ဟိုင်းဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယင်းအားကစားရုံကို နှစ်နှစ်အတွင်းအပြင်ဆင်မွမ်းမံပြီး နှစ် ၁၀ဝ မှ ၁၅၀ အထိ တည်တံ့မှာဖြစ်ပြီး အဆောက်အဦ၏ ကုန်ကျမှုမှာ ယွမ်းသန်းပေါင်း ၂၂၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါအမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏကို ၁၉၈၃ ခုနှစ် ဖေဖေါ်ဝါရီက စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် အောက်တိုဘာတွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများ ကမ္ကာ့အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ အခမ်းအနားများ ကျင်းပနိုင်ခဲ့ပြီး ပရိသတ် ၁၈၀၂၅ ဦးဆံ့ အင်ဒိုးအားကစားရုံဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - အာကာစိုး


