ရန်ကုန်  ၁၁   သြဂုတ် 

ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏကို  တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အမျိုးသားအားကစားပြိုင်ပွဲရုံ၌ ကျင်းပသည်။

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး  မစ္စတာချန်းဟိုင်နှင့် စီးပွားရေးသံမှူး မစ္စတာရှန်ကော်ရှန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ အားကစား လောက၏ ပုံရိပ်သဖွယ်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်လည်းဖြစ်သော အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ခေတ်မီအားကစားလေ့ကျင့်ရေးဆိုင်ရာ ပစ္စည်းများဖြင့် နိုင်ငံတကာအဆင့်မီ ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်သည့်အတွက် ကျေးဇူးတင်ပါ ကြောင်း၊ ပရိတ်သတ် (၁၀၈၂၅) ဦးဆံ့သည့် အမျိုးသားအားကစားရုံ (၁) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကူညီမှုဖြင့် (၁၉၈၃) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၈၆) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ယခုအထိ ခိုင်မာကောင်းမွန်စွာဖြင့်ရှိနေပြီး အရေးကြီးသည့် ပြင်တွင်းနှင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ တွေ့ဆုံဆွေးနွေးပွဲများ များစွာပြုလုပ်အသုံးချနိုင်ခဲ့ပါကြောင်း၊ ယခုအခါ အားကစားရုံကြီး၏ စွမ်းဆောင်ရည်များပိုမို ကောင်းမွန်ရန် ခေတ်မီအားကစား လေ့ကျင့်မှုဆိုင်ရာ၊ လျှပ်စစ်နှင့် စက်ပိုင်းဆိုင်ရာများ တပ်ဆင်ခြင်းအပါအဝင် အဆောက်အဦတစ်ခုလုံးကို မူလပုံစံမပျက်ဘဲ (၂) နှစ်တာကာလ အချိန်အတွင်း ပြန်လည်ပြင်ဆင် သွားမည် ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်ရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဧည့်ခန်းမ၌ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (Unicef)၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi၊ နှင့် အဖွဲ့အား တွေ့ဆုံ၍ ဘဏ္ဍာငွေစီးဆင်းမှုစီမံခန့်ခွဲခြင်း စံလုပ်ထုံးလုပ်နည်းကို အပြီးသတ်ပြုစု နိုင်ရေး၊ Gavi, the vaccine alliance (GAVI) မှ ကျန်းမာရေးစနစ်တိုးတက်ကောင်းမွန်သော လုပ်ငန်းများ ဒုတိယအဆင့် အစီအစဉ် (GAVI HSS - 2) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးနိုင်ရေး၊ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း  (၂၀၁၈-၂၀၂၃) အကောင်အထည်ဖော်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ကြီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်နှင့် မြို့နယ် ဆရာဝန်များထံသို့ ဖြန့်ဝေပေးသွားမည့် Mobile Tablet ၁၄,ဝ၀ဝ ကို GAVI ၏ ရန်ပုံငွေဖြင့် Unicef အဖွဲ့မှ အမြန်ဆုံးဝယ်ယူနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

(သတင်းစဉ်)