နေပြည်တော်  ၁၁   ဩဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းမကြီးအား မိုးတွင်းကာလ လမ်းပေါက်ဖြစ်သည့် နေရာများတွင် ခရိုင်အဖွဲ့၊ အထူးအဖွဲ့များဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြိုးတံတားသို့ရောက်ရှိပြီး တံတားဦးစီးဌာနမှ တာဝန်ရှိသူများက ပုသိမ်ကြိုးတံတားကြံ့ခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များနှင့် ပူးပေါင်းပြီး အမြဲမပြတ်စစ်ဆေးပေးရန်မှာကြားပြီး ကြိုးထိန်းခုံ၊ ကြိုးထိန်းတာဝါတိုင်၊ ဂျွိုင့်ဆက်များ၊ ကြိုးဆိုင်းများနှင့် ပင်မတံတားကြီးကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်-ငွေဆောင်လမ်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဂျက်ကာ - စိန်တောင် - မော်တင်စွန်း လမ်းပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ငရုတ်ကောင်းတောင်ရှိ လမ်းဦစီးဌာန ပုသိမ်ခရိုင်လမ်းစခန်းရုံး ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းအခြေအနေ၊ ပုသိမ်-သလပ်ခွါ-မော်တင်စွန်းလမ်း၊ ပုသိမ်-ငွေဆောင်လမ်း၊ ပုသိမ်-ချောင်းသာလမ်းအခြေ အနေတို့ကို ရှင်းလင်းတင်ပြရာညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက မိုးတွင်းကာလဖြစ်သည့်အတွက်   ပြည်သူများဘေးအန္တရာယ် ကင်းရှင်း ရန် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကယ်ရေးအစီအမံများနှင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်တင်စွန်း-ဟိုင်းကြီး ကျွန်းလမ်း၊ ဟိုင်းကြီး ကျွန်းပေါ်ရှိ နတလမှ လွှဲပြောင်းလက်ခံထားသည့် ကျေးလက်လမ်းနှင့် ဟိုင်းကြီးကျွန်း ဘေလီတံတားကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီးတံတားကြီးရေရှည် တည်တံခိုင်မြဲရေးအတွက် အမြဲမပြတ်စစ်ဆေးပေးရန် မှာကြားသည်။
 

(သတင်းစဉ်)